About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Tuesday, October 16, 2007

ယောက်ျားတစ်ယောက်ရဲ့ဖြစ်တည်မှု

တစ်နေ့ . . . မမယ်မ က ကျွန်တော့်ကို ထူးထူးဆန်းဆန်း (ကျွန်တော် မျှော်လင့် မထားလို့ထူးဆန်းတာ လည်းဖြစ်နိုင်ပါသည်) မေးလာတယ် - “မိန်းကလေးဆိုတာ သိပ်ထက်လွန်းရင် ဆွဲဆောင်မှုမရှိတော့ဘူးဆိုတာ ဟုတ်လား” တဲ့ . . .။ ဒီလိုမေး တော့ ကျွန်တော်ပြုံးမိတာအမှန်။ ဘယ်သူ့အတွက် ဆွဲဆောင်မှုတွေ မရှိတော့မှာ ကြောက်နေတာလဲ မမယ်မရယ် ဟု ပူပန်စွာတွေးမိသည်။ အမှန်အတိုင်း ပြောရရင် ကျွန်တော် တိတိပပ မဖြေတတ်။ စောင်းကြိုးကဲ့သို့ မတင်းလွန်း၊ မလျော့လွန်း သော မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ်နှင့်အညီ အစွန်းနှစ်ဘက်လွတ်အောင် နေထိုင်ရမည်ဆိုသည့် မြတ်ဗုဒ္ဓ၏အဆုံးအမအတိုင်း ပြုမူကျင့်ကြံဆောင်ရွက်သင့် ကြောင်း ကျွန်တော်သိသလောက်၊ ဥာဏ်မှီသလောက် မမယ်မကို ပြောပြမိသည်။

ကျွန်တော့် အမြင် - အရမ်းထက်လွန်း၊ သွက်လွန်းသော မိန်းကလေးတစ်ယောက် အတွက် လော်မာသည်၊ မောက်မာသည်၊ ပွေလီသည် စသည်ဖြင့် ပြောဆိုခံရ ရုံမှလွဲ၍ အများ၏ချစ်ခင်မှု့ကို မရနိုင်သကဲ့သို့၊ မြည်းတစ်ကောင်ကဲ့သို့ ထုံပေပေ နိုင်လွန်းပြီး တက်ကြွမှု့မရှိသောမိန်းကလေးမျိုးကိုလည်း မည်သူမျှ စိတ်ဝင်စား မည်မဟုတ်ပေ။ ဤနေရာတွင်ပြောလိုသည်မှာ ရှေးဘ၀အတိတ် ကုသိုလ်ကံ ကြောင့် ရုပ်ဆင်းရူပကာ တင့်တယ်လှပသည့်အတွက် ဆွဲဆောင်မှုရှိသည့် မိန်း ကလေးပင်ဖြစ်လင့်ကစား သိပ်ထက်လွန်းပါက မိမိအတွက်အကျိုးမဲ့ပျက်စီးရန်သာ ဖြစ်ကြောင်း မမေ့သင့်ပေ။ “လည်လွန်းသည့်ဘီး၊ ချေးသင့်သည်” ဟူသော မြန်မာ ဆိုရိုးလည်း အရှိသားပဲလေ။ မိန်းကလေးများအတွက်မှ မဟုတ်၊ ယောက်ျားလေး များအတွက်လည်း ထိုနည်း နှင်နှင်ပင်။

မမယ်မ တို့မှာလည်း ခေတ်ကာလနှင့် အသက်အပိုင်းအခြားအရ ရင်ခုန်ရူးသွပ်ကြ သည့်အရွယ်မို့ ကျွန်တော်ဖတ်ဘူးသော ပုညခင်ဝတ္တုလေးကို ဒီလိုပြောပြရင်း .....




(၁)

မိန်းမတစ်ယောက်ကိုချစ်မိတဲ့အခါ တခြားဘယ်လိုခံစားချက်မျိုးကို ပူးတွဲခံစား ရလေ့ရှိပါသလဲ။ အချစ်ရဲ့နောက်မှာ တစ်ခြားခံစားမှုတစ်ခုခုလည်း ပူးတွဲဖြစ် တည်လာတတ်သည်ဟု ကျွန်တော်ထင်သည်။ ဥပမာ လေးစားမှု၊ သနားဂရုဏာ စသဖြင့်ပေါ့ . . . ။

ကျွန်တော်ကတော့ သူမကို ချစ်သည့်အချစ်နှင့်အတူမနာလိုမှုကိုပါ ပူးတွဲခံစားရပြီး ကိုယ့်ကိုယ်ကိုလည်း သိမ်ငယ်စိတ်တွေ ၀င်ခဲ့ရသည်။ ကျွန်တော့်ကို အဲဒီလို ဖြစ်အောင်လုပ်သည့် တရားခံကတော့ သူမကိုယ်တိုင်ပဲဖြစ်သည်။

တကယ်ဆို သူမသိပ်တော်နေဖို့ မကောင်းပါ။ မိန်းမဆိုတာ နည်းနည်းလေးတော့ ညံ့ဦးမှပေါ့။ ဒါမှလည်း ကျွန်တော်တို့ ယောက်ျားတွေမှာ ဖေးမခွင့်ရနိုင်သည်။ ကိုယ့်ထက်ညံ့သည့် မိန်းမတစ်ယောက်ကို ဖေးမ ကူညီသနားငဲ့ညှာလိုက်ရလို့ (တစ်နည်းအားဖြင့် ဆရာလုပ်လိုက်ရလို့) ခံစားလိုက်ရတဲ့ ယောက်ျားတစ်ယောက် ရဲ့ ပီတိနဲ့ဝင့်ထည်မှုကို မည်သည့်အရာနှင့်မျှ နှိုင်းဆလို့ရမည်မထင်။

တကယ်တော့ သူမလက်ကိုင်ထားတဲ့ ဆောင်ပုဒ်ကိုက “မိန်းမတံခွန် လူရည်ချွန်၊ မိုးစွန်တမွတ် ကြယ်ကိုဆွတ်မည်” ဆိုတာမျိုးဖြစ်သည်။ သူမက သူမလိုချင်သော ဘယ်အရာကိုမှ (အချစ်တစ်ခုကလွဲပြီး) ကျွန်တော့်ထံမှ မတောင်းဆိုခဲ့ဘူးချေ။ ပြီး တော့ ဘယ်ကိစ္စမှာမှ ကျွန်တော့်ကိုမှီခိုဖို့ မစဉ်းစားချေ။ ဘတ်စ်ကားတိုးစီးကြ လို့များ ကျွန်တော်က သူမကို ဖေးမဆွဲခေါ်ဖို့လက်ကမ်းလျှင် သူမက ကျွန်တော့် လက်ကို မမြင်၊ ဘတ်စ်ကားလက်ကိုင်တန်းကိုဆုပ်ကာ ကားပေါ်လွှားခနဲ အရင် ရောက်သွားနှင့်ပြီးမှ . .
“ကိုရေ . . လာလာ.. ဒီဘက်ကို၊ ဒီဘက်မှာ နေရာရှိတယ်။ ဒီမှာထိုင်” ဟု ကျွန်တော့်ကို လှမ်းဆွဲခေါ်ကာ တစ်ခုတည်းသောခုံလွတ်မှာ ကျွန်တော့်ကို ထိုင် ခိုင်းလေသည်။ သူမအဲဒီလိုလုပ်လျှင် အနားကလူတွေ က ကျွန်တော့်ကို အားနွဲ့ သူအလား အထင်မှားကာ ပြုံးစေ့စေ့လှမ်းကြည့်ကြသည်။ ကျွန်တော့်မှာ မျက်နှာ ကို ဘယ်သွားထားရမှန်းတောင် မသိတော့။
“ကို လာထိုင်လေ”
သူမက အလိုက်မသိလှမ်းခေါ်ပြန်လျှင် ကျွန်တော်က မျက်နှာထားကို တင်းကာ . .
“မင်း . . ထိုင်”
“အို . . ကိုပဲထိုင်ပါ။ ကျွန်မက အပင်ပန်းခံနိုင်တယ်၊ ကိုသာ ကြာကြာရပ်စီးရရင် ညောင်းတယ်၊ မူးတယ် ဖြစ်လာတတ်တာ။ လာထိုင်ပါ ကိုရဲ့”
“မထိုင်ဘူးကွာ . . ”
“ဘာဖြစ်လို့လဲ . .”
ကျွန်တော်က အလိုက်ကန်းဆိုးမသိသော သူမနားနားကပ်ကာ ခပ်ကျိတ်ကျိတ် ပြောရသည်မှာ . .
“ငါက ယောက်ျားကြီးလေကွာ၊ ယောက်ျားကြီးတန်မဲ့ ခုံလုထိုင်ပြီး မင်းကငါ့နား ရပ်နေတာ အဓိပ္ပါယ် ရှိလို့လား . . ။ အဲဒီလိုလုပ်လိုက်ရင် ငါဘယ်လောက် အောက် သွားမယ်ဆိုတာ မင်းနားမလည်ဘူးလား။ ဟိုမှာ လူတွေလည်း ကြည့်နေတဲ့ဥစ္စာ”
“သြော်.. ကိုက ဘတ်စ်ကားစီးတဲ့နေရာမှာတောင် ကျား၊ မ ခွဲခြားမှုရှိသလား။ ကျွန်မစိတ်ထဲတော့ ယောက်ျားမို့လို့ အနစ်နာခံရမယ်။ မိန်းမမို့လို့ အသာစီး နေရမယ်ဆိုတာမျိုး မရှိပါဘူး။ ကိုယ်ချစ်တဲ့သူ ပင်ပန်းမှာစိုးရင် ဦးစားပေးလိုက် တာပဲလေ”
“မင်းလဲသေလိုက်” ဟု ကျွန်တော် အော်ပြောလိုက်ချင်သည်။

သူမကတော့ အဲဒီလိုကိစ္စလေးတွေမှ အစပြုကာ ယောက်ျားတစ်ယောက်ရဲ့ အခန်းကဏ္ဍပျောက်ဆုံးအောင် နည်းအမျိုးမျိုးဖြင့် လုပ်ဆောင်လျက်ရှိသည်။ တစ် နေရာရာကိုအတူသွားကြလို့ ရေသောက်ချင်လျှင် ရေသန့်ဗူးပြေးဝယ်သူက သူမ ဖြစ်၏။ ရေသန့်ဗူးဖေါက်ပေးသူကလည်း သူမပင်။ သူမငှားနေသည့်အိမ်မှာ မီး ချောင်းဆင်တာ၊ မီးဖိုပြင်တာ၊ ဖြူးပျက်တာစသည့်ကိစ္စအ၀၀ကို သူပဲသိ၊ သူပဲ တတ်ဖြစ်အောင် လေ့လာထားကာ ကိုယ်တိုင်လုပ်ဆောင်တတ်သေးတာမို့ ကျွန် တော့်မှာ အသေးအမွှားကစလို့ ဘာကလေးမှ လက်စွမ်းပြကူညီခွင့်မရချေ။ သူမ ရှေ့မှာ “ကိုယ် ဘာကူညီရမလဲဟင်”၊ “အကူအညီလိုရင် ကိုယ့်ကိုပြောနော်” ဟု သွားပြောလို့ကတော့ ကိုယ်သာ ငပေါကြီး ဖြစ်သွားပေမည်။

သူမက အလုပ်ကို မနားတမ်းလုပ်နိုင်သူလည်းဖြစ်သည်။ သင်တန်းပေါင်းစုံတက်ရ၊ အချိန်ပိုင်းအလုပ်၊ အချိန်ပြည့်အလုပ်နှင့်၊ ဒီကြားထဲ စိန်ပွဲစား၊ ကားပွဲစားဆိုတာမျိုး ကြုံရင်ကြုံသလိုလုပ်သေးသည်။ ပင်လည်း ပင်ပန်း၊ အိပ်ရေးတွေပျက်ကာ မျက် ကွင်းဟောက်ပက်ကျနေလို့ ချစ်သူရှေ့မှာ အလှပျက်နေမှာကိုလည်း မစိုးရိမ် တတ်ချေ။ ပြီးတော့ သူမက ချုံးချုံးကျနေသော အခြယ်အသကင်းသည့် မျက် နှာနှင့် ကျွန်တော့်ကိုပြောသေးသည်။
“ကိုရေ .. ကျွန်မတို့လက်ထပ်တဲ့အချိန်ကျရင် တိုက်ခန်းလေးတစ်ခန်းတော့ အပိုင် ရှိမှဖြစ်မှာ သိလား၊ အဲ့ဒါကြောင့် ကျွန်မအရမ်းကြိုးစားနေတာ။ ကျွန်မ ပိုက်ဆံ စု ထားတာလည်း တော်တော်များနေပြီ။ ပွဲခ ဆိုတာ အမြဲမရနိုင်ပေမယ့် ရရင်လည်း မြိုးမြိုးမြက်မြက်ပဲမဟုတ်လား။ သိပ်မကြာခင် ကိုယ်ပိုင်စီးပွားရေးလေး တစ်ခုတော့ စ မှဖြစ်မယ်။ သူများဝန်ထမ်းချည်းလုပ်နေရင် ကြီးပွားဖို့လမ်း မမြင်ဘူး”
သူမကအဲဒီလိုပြောတော့ ကျွန်တော်ဆိုတဲ့ယောက်ျားတစ်ယောက်က ဘာသွားလုပ် ရမည်နည်း။ သူမက ကျွန်တော်နဲ့လက်ထပ်ပြီးတဲ့အခါ သူမကပဲ လုပ်ကိုင်ရှာဖွေ ကျွေးမွေးတာဝန်ယူတော့မည့်ပုံမျိုး အရာရာကို စွမ်းဆောင်ပြချင်နေသည်။

တကယ်လည်ုးစွမ်းဆောင်နိုင်သူကြီးမို့ သိပ်မကြာခင် ဂျပန်ဒိုမက်စတစ်တီဗွီတွေကို ဈေးသက်သက်သာသာနှင့်ဝယ်ကာ ရပ်ကွက်ထဲမှာ တီဗွီဂိမ်းဆိုင်၊ စာအုပ်ဆိုင်၊ ခွေ ငှားဆိုင်လေးဖွင့်! တဖြည်းဖြည်းကြီးမားကျယ်ပြန့်လာကာ အခုဆို အင်တာနက် ကဖေးဆိုင်လေးပါ ဖွင့်နိုင်သွားပြီဖြစ်သည်။ သူမက အောင်မြင်လေ၊ တော်လေ၊ ထက်လေ ကျွန်တော့်မှာ သိမ်ငယ်စိတ်ကိုခံစားရလေ ဖြစ်ခဲ့သည်။ ကျွန်တော့် ပတ် ၀န်းကျင်ကလည်း သူမကိုသာ ချီးမွမ်းစကားတွေ တွင်တွင်ပြောလျက်ရှိသည်။
“ခင်ယုယက အရမ်းထက်တယ်နော်၊ ဒါတောင်မှ သူကနယ်က တက်လာရတာတဲ့။ နယ်ကမို့လို့သာပဲ”
အဲဒီလိုအပြောမျိုးတွေကလည်း ကျွန်တော့်မာနနဲ့ သိက္ခာကို ထိခိုက်လျက်ရှိသည်။ ကျွန်တော်ကဖြင့် မိဘအသိုက်အ၀န်းတောင့်တဲ့ ရန်ကုန်သားသာဆိုတယ်။ ခု အရွယ်ထိ ဘာမှဟုတ်တိပတ်တိဖြစ်မလာသေး။ တစ်နေ့တစ်နေ့ ထမင်းချိုင့် ကလေးဆွဲကာ ရုံးတက်နေရတုန်း။ အားရင် သူငယ်ချင်းတွေနှင့် လက်ဖက်ရည် ဆိုင်ထိုင်ကာ ဟိုးဟိုးဟားဟားအပြောများတုန်း၊ ကျွန်တော့်ရဲ့ညတွေကို ဘောလုံး ပွဲတွေက ၀ါးမျိုထားတုန်း။ ကျွန်တော့်မိဘတွေက စီးပွားရေးလုပ်ငန်း လုပ်ဖို့ အရင်းအနှီးထုတ်ပေးမည်ပြောလည်း ကျွန်တော်က လုပ်ချင်ကိုင်ချင် ဦးဆောင် ချင်စိတ်မရှိတာမို့ ငြင်းပယ်မိတုန်း။ အဲဒီလို ကျွန်တော်က ဘ၀ကို ၀ါးတားတား ဖြတ်သန်းနေချိန်မှာ သူမရဲ့ဘ၀ကတော့ တဖြည်းဖြည်း ထင်းလင်းတောက်ပ လာ ခဲ့ပြီဖြစ်သည်။

အမြဲတမ်း မျက်နှာကလေး မော့ချီကာ တောက်ပစူးရှသောမျက်ဝန်းများဖြင့် လူ တကာကို လွှမ်းလွှမ်းမိုးမိုး ကြည့်တတ်သော၊ သင်တန်းပေါင်းစုံတက်ကာ ပညာ ရပ်များစွာကို လောဘတကြီးသင်ယူနေတတ်သော၊ စီးပွားရေးလာဘ်မြင် အကွက် မြင်ကာ ဘယ်ကိစ္စမဆိုလှစ်ခနဲနေအောင်ပါးသော၊ နေရာတကာ ဦးဆောင်ဦးရွက် ပြုလိုကာ တာဝန်ယူစိတ်လည်းအပြည့်ရှိသော သူမလိုချစ်သူတစ်ယောက်အနား မှာနေရသည့် ယောက်ျားတစ်ယောက်ရဲ့ဘ၀ဟာ ဘယ်လောက်ဆိုးသလဲဆိုတာ ယောက်ျားချင်းမှသာ နားလည်နိုင်ပါလိမ့်မည်။

သူမက အောင်မြင်လေ၊ ကျွန်တော်က သိမ်ငယ်လေ။ တဖြည်းဖြည်း ယောက်ျား တစ်ယောက်ရဲ့ အခန်းကဏ္ဍမှုန်ဝါးပျောက်ဆုံးလာကာ ကိုယ့်ကိုယ်ကို သေးကျုံ့ လာသည်ဟုတောင် ခံစားရသည်။ သူမကို မိန်းမတစ်ယောက်ဟု သတ်မှတ်လို့ မရတော့သောအခါ ကျွန်တော့်ရဲ့ရင်ခုန်သံတွေလည်း ဆိတ်သုဉ်း ပျောက်ပျက် သွားရတော့သည်။

ကျွန်တော်ကိုယ်တိုင်က သိပ်အညံ့စားလူတစ်ယောက်မဟုတ်ခဲ့ပေမယ့် သူမနဲ့ယှဉ် လိုက်တိုင်း စုတ်ပြတ်သပ်အောင် ညံ့ထွက်သွားလေ့ရှိသည်။ သူမနှင့်ယှဉ်လိုက်လျှင် သူမက ထင်းလင်းဝင်းပနေပြီး ကျွန်တော်က သေးနုပ်မှုန်ကုပ်လာသည်။

သူမနဲ့ပက်သက်ပြီး ကျွန်တော့်မှာ ဘာတာဝန်ယူစရာမှလည်း မရှိခဲ့ပါ။ မင်္ဂလာ ဆောင်ဖို့ငွေစုစရာလည်း မလို (သူမ စုထားတာပြည့်တောင် ပြည့်တော့မည်တဲ့)။ သူမနှင့်မင်္ဂလာဆောင်ပြီး အတူနေရန် တိုက်ခန်းဝယ်ဖို့ကြိုးစားစရာလည်းမလို (သူမက အပျိုဘ၀နှင့်ပင် တစ်အိုးတစ်အိမ် ထူထောင်ထားနိုင်ပြီတဲ့)။ စီးပွားရေး အတွက် ပူပင်စရာလည်းမလို (သူမက ၀င်ငွေကောင်းသော လုပ်ငန်းတစ်ခုကို ထူထောင်အောင်မြင်နေပြီတဲ့)။ သူမကို လက်ဝတ်လက်စားဝယ်ပေးဖို့လည်းမလို (သူမက အခုကတည်းက အမြော်အမြင်ကြီးကြီးနှင့် လက်ဝတ်ရတနာတွေ ၀ယ် စုနေပြီတဲ့)။

သူမက ယောက်ျားတစ်ယောက်ရဲ့ဖြစ်တည်မှုကို ထိုအခြေအနေများဖြင့် ဖျက်ဆီး လျက်ရှိသည်။ သူငယ်ချင်းတွေကတော့ ပြောကြသည်။
“မင်းကွာ .. ဘယ်လောက် တာဝန်ပေါ့လဲ၊ ရယ်ဒီမိတ်ပဲ။ ဒါမျိုးရတာ မင်းရဲ့ အင်မတန်ထူးတဲ့ကံကြောင့်ပဲ”
ကျွန်တော်ကတော့ အဲလိုမထင်ပါ။ နေမကောင်းလို့မှ ကိုယ့်လက်မောင်းပေါ် လာမှေးမှီဖို့ စိတ်ကူးမရှိသော မိန်းမတံခွန်လူရည်ချွန်မျိုးရဲ့အနားမှာ တစ်သက်လုံး နေသွားဖို့ စိတ်ကူးရင်းနဲ့တောင် စိမ့်တုန်အောင် ကြောက်လာသည်။

ကျွန်တော်က သူမကို လမ်းခွဲစကားပြောတော့ သူမက ကြေကွဲသော်လည်း စူးရှ သော မျက်ဝန်းများဖြင့် ကျွန်တော့်ကိုစိုက်ကြည့်ရင်း မေးသည်။
“အကြောင်းပြချက်က ဘာလဲ”
“မင်းက ငါ့ကို ယောက်ျားတစ်ယောက်အဖြစ် ဖြစ်တည်ခွင့် မပေးခဲ့လို့ပဲ”

(၂)

ကျွန်တော့်ရဲ့ဒုတိယချစ်သူကတော့ အားငယ်ရိပ်သမ်းသော မျက်ဝန်းညို့ညို့လေး တွေရှိသည်။ ကျွန်တော့်အပေါ် အလုံးစုံမှီခိုကိုးစားလိုစိတ်ရှိသည်။ ဘယ်ကိစ္စမဆို မျက်နှာငယ်လေးနှင့် နောက်ယို့နေကာ ကျွန်တော့်ကိုသာ ရှေ့တန်းတင်ဦးဆောင် စေတတ်သူလည်းဖြစ်သည်။

သူမက သူမရဲ့အိတ်ကလေးမှာ အရုပ်ကလေးပါသော သော့ချိတ်ကလေးတပ်လျှင် တောင် “ကိုကို ၀တီ မလုပ်တတ်ဘူး၊ ကိုကိုလာချိတ်ပေး” ဟု မူနွဲ့နွဲ့လေးဆိုတတ် ၏။ “ကိုကိုရေ .. ရေဆာတယ်။ ရေသန့်ဗူး သွားဝယ်ပေးကွာ” ဟု ခိုင်းတတ်၏။ ဘတ်စ်ကားတိုးစီးကြလျှင် ကျွန်တော့်အင်္ကျီစကိုဆွဲကာ နောက်မှ ယို့ယို့ကလေး လိုက်တတ်၏။ ကျွန်တော် ဦးပေးသောနေရာမှာ အပြေးအလွှား သွားထိုင်တတ်၏။ ထမင်းစားလျှင်တောင် “အရိုးကလေးနွှင်ပေးပါဦး” ဟု ဆိုတတ်၏။ သူမ လိုချင် သော အင်္ကျီ၊ ကလစ်၊ ဖိနပ်၊ အိတ်၊ ရေမွှေး အစရှိတာတွေ တွေ့ပြီများဆို ကျွန် တော့်လက်ကို အသားကုန်လှုပ်ယမ်းကာ “ကိုကိုရေ .. ၀ယ်ပေးကွာ၊ ၀ယ်ပေး ကွာ ” ဟု ပူဆာတတ်သေး၏။

ပြီးတော့ သူမ မကြာခဏညည်းညူတတ်သည့် စကားလုံးလေးတွေကို နားထောင် ကြည့်ပါဦး။
“ကိုကိုရေ .. ၀တီတို့လက်ထပ်ပြီးရင် ဘယ်သူ့အိမ်မှ လိုက်မနေကြေးနော်။ အိမ်ငှား ပြီးတော့လည်း မနေချင်ပါဘူး။ ၀တီတို့အခန်းပိုင်လေးနဲ့ နေရအောင်တော့ ကြိုးစား ပေးပါ ကိုကိုရယ်နော် …”
“ကိုကိုရေ .. ဘတ်စ်ကားစီးရတာ အရမ်းပင်ပန်းတာပဲနော်။ ကိုကို့လက်ကိုဆွဲပြီး တိုးစီးနေရလို့သာ ပင်ပန်းတဲ့ဒဏ်ကို ခံနိုင်နေတာ။ နောက်မို့ဆို မလွယ်ဘူးသိလား။ ၀တီတို့ ဘတ်စ်ကားတိုးစီးရတဲ့ဘ၀က လွတ်အောင်လုပ်ဖို့က ကိုကို့တာဝန်ပဲနော်”
“ကိုကိုရေ ၀တီ့ဘ၀မှာကိုကိုမရှိတော့ရင် ဘာဖြစ်သွားမလဲဆိုတာ တွေးတောင် မတွေးရဲဘူး သိလား။ ကိုကို့ကြောင့်သာ ဘ၀မှာ နေရကျိုးနပ်တယ် ထင်တာပဲ”
သူမက အဲဒီလိုပြောလေ၊ ကျွန်တော့်ရဲ့ယောက်ျားဘ၀ဖြစ်တည်မှုက ပိုပြီးကြီး ကျယ်လာလေ၊ ကြိုးစားချင်စိတ်၊ တာဝန်ယူချင်စိတ်တွေ တဖွားဖွားပေါ်ပေါက် လာလေ။
ကျွန်တော့်မှာ သူမ လိုချင်တာလေးတွေ ၀ယ်ပေးနိုင်ဖို့ ပိုက်ဆံစုရ၊ အလုပ်ကြိုးစား ရနှင့် အားကိုးရကျိုးနပ်သော ယောက်ျားတစ်ယောက်အဖြစ် ခိုင်ခိုင်မာမာ ရပ်တည် နိုင်ဖို့ ကြိုးစားခဲ့ရသည်။

ထစ်ခနဲဆို အားငယ်ဝမ်းနည်းကာ မျက်ရည်ကလေးခိုတွဲမှီနွဲ့လာသော သူမနံဘေး က ကျွန်တော့်ရဲ့အရည်အသွေးတွေဟာ ရှိရင်းစွဲထက်ပို၍တောက်ပြောင်လာသည်။ နဂိုက သိပ်တော်လှသူမဟုတ်ပေမယ့် သူမနှင့်ယှဉ်လိုက်တိုင်း ကျွန်တော်က ဧရာမ မဟာပုဂ္ဂိုလ်ကြီး ဖြစ်ဖြစ်သွားတတ်သည်။ ဒီလိုဘ၀မှာ ကျွန်တော် တော်တော်ပျော် ပါသည်။

ကျွန်တော် သူမနှင့် လက်ထပ်ဖို့ဆုံးဖြတ်တော့ သူငယ်ချင်းတွေက ရှုတ်ချကြသည်။
“မင်းကောင်မလေးက ခပ်ညံ့ညံ့လေးပါကွာ။ သူ့နားနေမယ့်လူကို အမြဲဝန်ပိနေစေ မယ့်သူမျိုး”
သူငယ်ချင်းတွေက ဘာပဲပြောပြော ကျွန်တော်ကတော့ ခပ်ညံ့ညံ့ပဲကြိုက်ပါသည်။

x x x x x x

ခင်ယုယ

လူတွေက ကျွန်မကို သိပ်တော်တာပဲလို့ ပြောကြတယ်။
တကယ်တော့ ကျွန်မကညံ့ပါတယ်။
ကျွန်မက စီးပွားရှာတဲ့နေရာမှာသာ သိတာတတ်တာများပေမယ့် ယောက်ျား တစ်ယောက်ရဲ့စိတ်ကိုတော့ ဘာမှနားမလည်ခဲ့တဲ့ နလပိန်းတုန်းပါ။
ကျွန်မစိတ်ထဲမှာ ချစ်သူအတွက် “စေတနာ” တွေပဲရှိတာပါ။ မပင်ပန်းစေချင်တဲ့ စေတနာ၊ ၀န်မပိစေချင်တဲ့ စေတနာတွေနဲ့ အရာရာကို ကျွန်မပဲ သိမ်းကျုံးလုပ်ရင်း ပင်ပန်းခံခဲ့မိပါတယ်။ ပိစိညှောက်တောက် ကိစ္စလေးတွေနဲ့လည်း သူ့ကို စိတ် မရှုပ်စေချင်ဘူး။ အလေးအမြတ်တန်ဖိုးထားလွန်းလို့ မဟုတ်ပါလေး၊ ဟုတ်ပါလေး ကိစ္စလေးတွေအတွက် မခိုင်းရက်ခဲ့ဘူး။ ကျွန်မနဲ့ပက်သက်လာရင် ၀န်လေးပင်ပန်း မှုတွေမပါဘဲ အချစ်ချည်းသက်သက်သာ ခံစားစေလိုတာလည်း ကျွန်မရဲ့စစ်မှန် တဲ့ စေတနာ မေတ္တာတွေပါ။

ဒါပေမဲ့ သူက ဘာကြောင့်မှန်းမသိဘဲ ကျွန်မကို စွန့်ပစ်ထွက်ခွာသွားခဲ့တယ်။ သူ့ကို ကျွန်မက ယောက်ျားတစ်ယောက်အဖြစ် ဖြစ်တည်ခွင့်မပေးလို့ ဆိုတဲ့အကြောင်း ပြချက်နဲ့ပေါ့။
အဲဒါဘာကို ဆိုလိုတာလဲ။
ခုထိ ကျွန်မ စဉ်းစားမရသေးဘူး။
အဲဒါကြောင့်ကျွန်မက ညံ့တယ်လို့ပြောတာပေါ့ …။

x x x x x x

ဝတီ

လူတွေက ကျွန်မကို ခပ်ညံ့ညံ့မိန်းမလို့ ဆိုကြတယ်။ တကယ်တော့ ကျွန်မက မညံ့ ပါဘူး။ ယောက်ျား တစ်ယောက်ကို ကိုယ့်အနားမှာအမြဲရှိနေဖို့ ဘယ်လိုဆွဲဆောင် ထားရမလဲဆိုတာ ကျွန်မ ကောင်းကောင်းနားလည်တယ်။
ယောက်ျားတွေကို ဆွဲဆောင်ထားနိုင်ဖို့အတွက် အခြေခံအချက်တစ်ချက်ပဲ လိုအပ် တယ်။ အဲဒါ သူတို့ ရဲ့အတ္တကို ဖွံ့ဖြိုးစည်ပင်လာအောင် ပြုစုပျိုးထောင်ပေးခြင်းပဲ။ ပျိုးထောင်ရမယ့် နည်းလမ်းအဖြာဖြာကတော့ . . .
၁။ အားကိုးတကြီး အကြည့်ကလေးတွေနဲ့ ကြည့်တတ်ရမယ်။
၂။ အရာရာကိုသိနားလည်ပေမယ့် ဘာမှမသိနားမလည်သယောင် ဟန်ဆောင်နေ တတ်ရမယ်။
၃။ ကိုယ်က ဦးဆောင်နိုင်တဲ့ကိစ္စတွေမှာလည်း သူတို့ကို ရှေ့တန်းတင်တတ်ရမယ်။
၎။ သူတို့ကို သွားပြီး ဆရာကြီးမလုပ်နဲ့၊ အမြင်ကတ်ခံရမယ်။
၅။ သူတို့က ဆရာကြီးလုပ်နေတာကိုလည်း “သိသားပဲ” စတိုင်သွားမဖမ်းနဲ့။ မသိ ချင်ယောင်ဆောင်ပြီး “ဟင်.. ဟုတ်လား”၊ “ဟယ်.. ဒီလိုလား”၊ “အို.. အစက လုံးဝ မသိဘူး” ဆိုတာမျိုး ဖော်လိုလေးတွေ လိုက်လိုက်ပေးရင်း သူတို့အတ္တကို ရေလောင်းပေးနိုင်ရမယ်။
၆။ ကိုယ်လုပ်တတ်တဲ့ကိစ္စတွေကို မလုပ်တတ်ဘူးပြောပြီး မကြာခဏ ခိုင်းခိုင်းပေး ရမယ်။
၇။ ကိုယ်ဘာသာစဉ်းစားဆုံးဖြတ်နိုင်တဲ့ကိစ္စလေးတွေကို သူတို့နဲ့ မကြာခဏ တိုင်ပင် အကြံတောင်းတတ်ရမယ်။
၈။ အရေးကြီးဆုံးနဲ့ နောက်ဆုံးအချက်ကတော့ ကိုယ့်ဘ၀မှာသူမရှိလို့ လုံးဝမဖြစ် ဘူးဆိုတာကို သူတို့ဦးနှောက်ထဲ အသည်းထဲစွဲနစ်နေအောင် တဖွဖွပြောနေဖို့ပါပဲ။

ဒီလိုနည်းလမ်းတွေနဲ့ ကိုယ့်ဘ၀မှာ သူမရှိလို့မဖြစ်ဘူး၊ သူသာလျှင် အားကိုးရာ အရှင်သခင် ဆိုတဲ့အသိကို သူတို့ရင်ဘတ်ထဲ စိုက်ဝင်စွဲမြဲနေအောင် စွမ်းဆောင် နိုင်ဖို့လိုတယ်။
ဒါ ယောက်ျားဆိုတဲ့ အမျိုးအစားတွေကို ဆွဲဆောင်ထားနိုင်မယ့် နည်းလမ်းတွေပဲ။
အဲဒီနည်းတွေနဲ့ပဲ ကျွန်မကို စွမ်းစွမ်းတမံရှာကျွေးမယ့် ယောက်ျားတစ်ယောက်နဲ့ လက်ထပ်နိုင်ခဲ့ပြီလေ။
အဲဒါကြောင့် ကျွန်မက မညံ့ဘူး ပြောတာပေါ့ . . . ။

x x x x x x

No comments: