About Me
ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။
မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ
Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
Monday, October 13, 2008
တစ်ခါတုန်းက ကျွန်းတစ်ကျွန်းပေါ်မှာ
အချစ်ရယ်၊ ပျော်ရွှင်ခြင်းရယ်၊ ၀မ်းနည်းခြင်းရယ်၊ငွေကြေးရယ် နေထိုင်ကြသတဲ့။
တစ်နေ့ရောက်တဲ့အခါ ကျွန်းပေါ်က အချက်ပေးခေါင်းလောင်းသံကို ကြားလိုက်ရတယ်။
အဲဒါကတော့ ကျွန်းပေါ်မှာနေကြတဲ့သူတွေ ကျွန်းကို စွန့်ခွာကြဖို့ နဲ့
ကျွန်းကြီးရေမြုပ်မှာဖြစ်တဲ့အတွက် ပြောင်းရွှေ့ကြဖို့ ပြောတာပါ၊
ငွေကြေးကလဲ ကျွန်းပေါ်က ထွက်ခွာဖို့ ပြင်နေပါပြီ။
အချစ်က သူကိုပါခေါ်ဖို့ပြောတဲ့အခါ
ငါ့မှာတောင် ငွေကြေးတွေနဲ့ မင်းကို မခေါ်နိုင်ဘူးလို့ပြောပါတယ်။
ပျော်ရွှင်ခြင်းကလဲ အချစ်ကို မခေါ်နိုင်ပါဘူး
သူရဲ့ပျော်ရွှင်မှုနဲ့အတူ ကျွန်းပေါ်က ထွက်ခွာသွားပါတယ်။
ဝမ်းနည်းခြင်းကလဲ သူ့မှာတောင် ၀မ်းနည်းမှုတွေနဲ့မို့ အချစ်ကိုမခေါ်နိုင်ပါဘူး။
ကျွန်းကြီးကလဲ ရေအောက်တဖြည်းဖြည်းရောက်နေပါပြီ။
အချစ်ကို ကယ်မယ့်သူ မရှိသေးပါ။
တစ်နေရာကနေ အချစ်ရေ ငါလာကယ်ပြီ လို့
အသံတစ်သံနှင့်အတူ လှေကလေးတစ်စင်းရောက်ရှိလာပါတယ်
အချစ်က လှေကလေးပေါ်ကိုရောက်တာနှင့်တစ်ပြိုင်နက်
ကျွန်းကြီးကလဲ ရေအောက်ကို စုံးစုံးမြုပ်သွားပါတယ်. . .
အချစ်ကလှေပေါ်ကသူကို ကျေးဇူးရှင်ရဲ့ နာမည်လေးသိပါရစေ လို့ပြောတော့
လှေပေါ်ကသူကမပြောပါဘူး
အချစ်ကို သူကပြောတယ် ခြောက်သွေ့တဲ့ကျွန်းလေးပေါ်ကိုရောက်အောင်
သူက ပို့ပေးပါမယ်လို့ ပြောပါတယ်
ကျွန်းလေးပေါ်မှာ Knowledge ဆိုတဲ့သူ ရှိတယ်
သူ့ကိုမေးရင် ငါ့နာမည်ကို သူသိပါတယ်လို့ပြောလိုက်ပါတယ်။
ခြောက်သွေ့တဲ့ကျွန်းလေးဆီအရောက်မှာ
လှေပေါ်ကသူက သွားပေအုံးတော့အချစ်ရေ လို့ပြောလိုက်ပါတယ်။
အချစ်က Knowledge ကို ကျွန်းပေါ်မှာရှာပြီး
သူ့ကို ခေါ်ဆောင်ခဲ့တာ ဘယ်သူပါလဲလို့မေးတော့
Knowledge က အချစ်ကို ခေါ်ဆောင်လာတာ အချိန်ပါတဲ့။
(မမယ်မမှ အမှတ်တရ ပေးပို့ပါသည်)
Monday, March 17, 2008
ဟုတ်တယ် ... ဒါဆို ချစ်သွားပြီထင်တယ်
(၁) ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ၊ ကိုယ့်ဖုန်းကို ဖွင့်ထားပြီး
.... သူ့ဆီက Message ဒါမှမဟုတ်၊ ဖုန်းကို စောင့်နေမိတယ်ဆိုရင်
(၂) သူနဲ့အတူ နှစ်ယောက်တည်း လမ်းလျှောက်ရတာကို နှစ်သက်တယ်ဆိုရင်
.... (အထူးသဖြင့် မိုးရွာထဲမှာပေါ့)
(၃) အတူရှိနေတဲ့အချိန် သူ့ကို ဂရုမစိုက်ချင်ယောင် ဟန်ဆောင်နေပေမယ့်
.... ကိုယ့်မြင်ကွင်းထဲကနေ သူပျောက်သွားတာနဲ့ အပူတပြင်း လိုက်ရှာတတ်နေရင်
(၄) တစ်ခြားလူအပေါ် သူစေတနာပိုမိလို့ ကိုယ့်စိတ်ထဲကနေ မနာလို အူတိုမိရင်
(၅) သူ့ရဲ့ ချိုမြမြအပြုံးတွေကိုကြည့်ပြီး ကိုယ့်နှုတ်ခမ်းလေးတွေပါ
.... လိုက်တွန့်နေတတ်ရင်
(၆) ဒီစာကို ဖတ်နေချိန်မှာ တစ်စုံတစ်ယောက်ကို တခုတ်တရ သတိရနေမိရင်
သူ့ကို ကိုယ်သိပ်ချစ်မိသွားလို့ပဲ။
ကြာသာပတေးသမီးကိုမှ လူမမာ အမဲခြောက်တောင်းသလိုဖြစ်နေသော
ညီငယ်တစ်ယောက်အတွက် အမှတ်တရ
Saturday, February 9, 2008
မီးအိမ်ရှင်မ
ကွန်ပျူတာရှေ့မှာ
သတင်းတစ်ပုဒ်ကို စိတ်ဝင်တစားဖတ်ချင်ဇောကြောင့်
မှောင်နဲ့မည်းမည်းမှာ
ကော်ဖီမစ်ထုပ်နှင့် ပုန်းရည်ကြီး(အခြောက်မှုန့်) ထုပ်တို့
အတူတွဲထားမိသော ကံဆိုးတဲ့တစ်နေ့မှာတော့
ဖျော်လိုက်မိတာက ပုန်းရည်ကြီးမှုန့်ထုပ်ဖြစ်လို့နေတာကို
နှစ်ငုံလောက်သောက်ပြီးမှ သိလိုက်ရသည်။
ပါးစပ်ထဲမှာ ဖန့်သလိုလို၊ ဆိမ့်သလိုလိုနဲ့
ထူးခြားသော အရသာကို ခံစားရင်း
မထူးပါဘူးဆိုပြီး အကုန်သောက်ပစ်လိုက်မိသည်။
ကဲ . . မှတ်ပြီလား လို့လည်း ရေရွတ်လိုက်သေးသည်။
အဲသလို . . . စိတ်နဲ့ကိုယ်နဲ့ မကပ်ဘဲ
အလွဲလွဲ အချော်ချော် လုပ်မိတဲ့ တစ်နေ့မှာတော့
ကျွန်တော့်ထံ မမယ်မဆီက စာနှစ်စောင်ရောက်လာတယ် …
စာနှစ်စောင်လုံးက အထူကြီးတွေဆိုတော့
အလွမ်းပြေ အများကြီးဖတ်ရတော့မယ်ဆိုပြီး ပျော်နေတာပေါ့။
တစ်စောင်ကတော့ ကျွန်တော့် မွေးနေ့အတွက် မွေးနေ့ကဒ်နဲ့ စာပါ။
နောက်တစ်စောင်ကတော့ သူ့သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ဖိတ်စာ၊
အမှတ်တရ ကြည့်လို့ရအောင်ဆိုပြီး ကျွန်တော့်ဆီကို ပို့ပေးလိုက်တာပါ။
အဲဒီ ဖိတ်စာကိုကြည့်ရင်း မင်္ဂလာဧည့်ခံပွဲမှာ ပြုံးပျော်ကြည်နူးနေတဲ့
ချစ်သူနှစ်ယောက်အဖြစ်ကို ထင်းထင်းပပ မြင်ယောင်လာပါတယ်။
တဆက်တည်းဆိုတာလို ကျွန်တော့်မျက်လုံးထဲမှာ
မမယ်မ သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ဖိတ်စာလို့ မမြင်ဘဲ
ကျွန်တော် ကိုရင်မောင်နဲ့ မမယ်မ တို့ရဲ့ မင်္ဂလာဧည့်ခံပွဲဖိတ်စာအဖြစ်
မြင်ယောင်လာပါတော့တယ်။
မျက်လုံးအိမ်မှာ မျက်ရည်ကြည်တွေ ဝေ့သီလာတဲ့အထိ
ရင်ထဲမှာလည်း ကြည်ကြည်နူးနူးနဲ့
(တောင်ပြုံးပွဲသွားတဲ့ မန္တလေးရထား စီးရသလို)
တငြိမ့်ငြိမ့် တသိမ့်သိမ့် ခံစားရပါတယ်။
ကော်ဖီသောက်လေ့သောက်ထ သိပ်မရှိတဲ့ ကျွန်တော်
ရင်တွေတောင် ခုန်လာမိတဲ့အထိပေါ့။
ကံ့ကော်ပွင့်ဖတ်တွေနဲ့ စီထားတဲ့ ကျွန်တော့်အနမ်းကို
ပုဝါတထည်ရက်ပြီး မနက်အိပ်ယာထတိုင်း
ဓါတ်ပုံထဲက နုဖပ်ဥအက်နေတဲ့ မမယ်မ မျက်နှာလေးကို
ဖွဖွလေး သုတ်ပေးနေမိတာလည်း အကြိမ်ကြိမ်မို့
ကျွန်တော့် နှာခေါင်းတောင် အနည်းငယ် ချွန်ထွက်လာသလိုလို။
အနေဝေးပေမယ့် စိတ်ချင်းနီးနေပေးတဲ့ မမယ်မ ကို
အမြတ်တနိုး တန်ဖိုးထား ချစ်မိသည်။
ချမ်းအေးတဲ့အချိန် ကျွန်တော့်ကိုယ်နဲ့မကွာ နေပေးတဲ့အတွက်လည်း
အထူး ကျေးဇူးတင်မိသည်။
ကျွန်တော့်အတွက်တော့ သူမ မရှိလျှင်
မှောင်မိုက်သောညမှာ မီးအိမ်မပါဘဲ ဖါးရိုက်ထွက်မိသူလို
ဖါးမရတဲ့အပြင် လမ်းပါပျောက်မှာ သေချာနေပါတော့သည်။
ဇရာ တိုးပွား နှစ်ဆယ့်ငါး
ယနေ့သည် ကျွန်တော် လူ့လောကကြီးထဲသို့
စတင်ဝင်ရောက်လာသည့်အချိန်မှစ၍ ရေတွက်သည်ရှိသော်
၂၅ နှစ်တင်းတင်းပြည့်သောနေ့ပင်ဖြစ်သည်။
ကျွန်တော် အသက် ၇၅ နှစ်ထိ သက်တမ်းစေ့နေနိုင်သည်ဆိုလျှင်တောင်
အခု သုံးပုံတစ်ပုံတိတိ ရောက်ရှိနေပြီ။
ဒီ ၂၅ နှစ်တာကာလအတွင်း ဘာတွေလုပ်ခဲ့သလဲ ?
ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ်ကြည့်မိသည်။
ကောင်းတာတွေအများကြီးလုပ်ခဲ့သလို၊
မကောင်းတာတွေလုပ်မိခဲ့တာလည်း ကြိမ်ဖန်များစွာ။
ကောင်းမှုကုသိုလ်တွေ ယူခဲ့သလို၊
အကုသိုလ်တွေဖြစ်အောင်လည်း လုပ်ခဲ့ဘူးသည်။
ဘ၀တစ်ဆစ်ချိုးကွေ့ခဲ့သည်အချိန်မှစ၍
ဆုံးမပဲ့ပြင်ပေးမည့်သူမရှိ၊
နှစ်သိမ့်ဆွေးနွေးမည့်သူ နတ္ထိဖြစ်သော နေရာဒေသအသီးသီးမှာ
ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် နေထိုင်ကျင်လည်ကျက်စားရင်း
“ငါ့ဘ၀၊ ငါသာအရှင်၊ ငါသာသခင်” ဖြစ်လို့နေခဲ့သည်။
မိဝေးဘဝေးမို့ အထိန်းအကွပ်မမဲ့ရအောင် ကိုယ့်ကိုယ်ကို ထိန်းကျောင်းရင်း
ကျွန်တော့်ဘ၀ ရင့်ကျက်ခဲ့ရသည်။
အမျိုးမျိုးသော မွန်းကျပ်ပိတ်လှောင်မှုတွေ၊ မပြေလည်မှုတွေကြားမှာ
အဆင်ပြေအောင် ကြံဖန်ပြေးလွှားရုန်းကန်ရင်း
ကျွန်တော့်စိတ်ကို ကျွန်တော်ပျော်အောင်နေထိုင်ခဲ့သည်။
ပြင်ပသွင်ပြင်လဏ္ခဏာကို ကြည့်လျှင်
အပူအပင်ကင်း၍ ပျော်တတ်ရွှင်တတ်သော သူတစ်ယောက်အဖြစ်
ကျွန်တော့်ကို ရှုမြင်ကြပေမယ့်
ကျွန်တော်လည်း လောကဇာတ်ခုံပေါ်က
အသုံးတော်ခံ လူသားတစ်ဦးသာမို့
စိတ်ဆင်းရဲစရာတွေ၊ ပူဆွေးသောကရောက်ရတာတွေ အရှိသားပဲ။
အပူရုပ်ကို ဟန်လုပ်ဖုံးကွယ်ကာ
နေခွင့်ရသော လူ့ဘ၀တိုတိုအတွင်း
ပျော်ရွှင်စွာနေထိုင်ခဲ့ပေမယ့်
စိတ်ဆင်းရဲစရာ၊ စိတ်ထိခိုက်စရာနှင့်ကြုံလာတိုင်း
သာမန်ထက် နှစ်ဆပိုခဲ့သည်။
၂၅ နှစ်ဆိုတဲ့ အချိန်ကာလအတွင်း
စူးရှခါးသီးတဲ့ နာကျင်ခံစားမှုတွေ
ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေ
မယုံကြည်နိုင်လောက်တဲ့ ပြောင်းလဲမှုတွေ
အံ့သြစရာကောင်းတဲ့ လှည့်ကွက်တွေနဲ့
ကျွန်တော် ထုသားပေသားကျလာသည်။
အတွေ့အကြုံနှင့် အသက်အရွယ်က ပေးသော အသိကြောင့်
ရင့်ကျက်တည်ငြိမ်မှု အတန်ငယ်ရှိလာပြီဖြစ်သော်လည်း
အပြောင် အနောက် မပျက်ခဲ့၊ အရယ်အပြုံး မမဲ့ခဲ့။
အခုဆို ကျွန်တော့်အသက် ၂၆ နှစ်ထဲ ရောက်လို့ ၂ လခန့်တောင် စွန်းနေပြီ။
ဘ၀ကို ရယ်မောပျော်ရွင်စွာ ၂၅ နှစ်တာ ဖြတ်သန်းရင်း
လူပျိုဟိုင်းဘက်သို့ တဖြည်းဖြည်း ကူးစ ပြုလာသော်ငြားလည်း
ရာသက်ပန် လူပျိုကြီး လုပ်ဖို့အထိတော့ ပါရမီရော၊ စိတ်ကူးပါ မရှိသေးပါ။
(မမယ်မ တစ်ယောက်လုံး ရှိသည်လေ)
မွေးနေ့မှာ ခါတိုင်းနှစ်တွေလို သူငယ်ချင်းတွေနဲ့
သောက်စားနေခြင်းမျိုးတွေ မလုပ်ဖြစ်တော့ဘဲ
ဘုရားဝတ်ပြုသူတွေကို ကော်ဖီနဲ့ မုန့် ကျွေးမွေးကုသိုလ်ပြုလိုက်သည်။
အင်မတန် စိတ်ချမ်းသာဖို့ကောင်းသည်။
မွေးနေ့ဆိုတာကြီးကို လိုတာထက်ပို၍ ဇာချဲ့လုပ်နေသော သူတွေကို မြင်လျှင်
တစ်ခါ တစ်ခါ တရားကျမိသည်။
အမှန်တော့ မွေးနေ့ဆိုတာ
မိမိအသက် တစ်နှစ်ပိုကြီးလာပြီဆိုသော “ဇရာ” ကို ထောက်ပြသောနေ့လို့
ကျွန်တော်မြင်သည်။
ကြီးရင့်လာသော အသက်နှင့်ထပ်တူ
ရင့်ကျက်တည်ငြိမ်သော အတွေးအခေါ်၊ အယူအဆ၊ အပြုအမူများ
ရှိလာသင့်သည်ဟုလည်း ယူဆမိသည်။
ဒါကြောင့် ကျွန်တော့် မွေးနေ့ကို
“ဇရာ တိုးပွား နှစ်ဆယ့်ငါး” လို့ ကင်မွန်းတပ်လိုက်တယ် . . . . ။
မွေးနေ့ ပြီး၊ နောက်တစ်ရက်တွင် ဤ Post ကို စတင်ရေးခဲ့သော်လည်း မအားလပ်သောကြောင့်
ဆက်မရေးဖြစ်ဘဲ တန်းလန်းကြီးရပ်ထားရာမှ ယခုမှပင် အဆုံးသတ်လိုက်နိုင်ပါသည်။
Tuesday, January 8, 2008
တောင်ပံတစ်စုံရဲ့ စွမ်းအား
ဒီနေ့ ခပ်ပျင်းပျင်းရှိတာနဲ့
ကျွန်တော် VCD သီချင်းတွေထိုင်ကြည့်နေမိသည်။
လေး ငါး ခြောက်ပုဒ်လောက်ရှိတော့
ခင်မောင်ထူးရဲ့ “ချစ်အယူခံ” တဲ့။
ချစ်သူစုံတွဲတွေ စိတ်ဆိုးစိတ်ကောက်လို့
ကောင်လေးက ကောင်မလေးထံချစ်အယူခံဝင်ကာ ချော့ရင်း
အလွဲလွဲ အချော်ချော်ဖြစ်ရပုံကို တင်ပြထားတာပါ။
နေရာက တက္ကသိုလ်ကျောင်းထဲက အပင်ကြီးတစ်ပင်ရဲ့အောက်၊
အပင်ကို ၀ိုင်းပတ်ပြီးလုပ်ထားတဲ့ ခုံတန်းပေါ်မှာ
ချစ်သူနှစ်ယောက် ထမင်းတစ်ဘူးကို
(နှစ်ယောက်တစ်ဘ၀လုပ်ကာ) အတူစားနေရင်း
ကောင်မလေးက လက်တို့၊ နှုတ်ခမ်းတို့သုတ်ဖို့ရာ Tissue ရှာတော့
ကုန်နေတာကို သတိထားမိသွားတဲ့ကောင်လေးက
နောက်တစ်ခါလမ်းကြုံရင် Tissue ၀ယ်လာပေးမယ်လို့ ပြောလိုက်ပါတယ်။
(အမှန်တကယ်တော့ လမ်းမကြုံရင်လည်း တမင်တကာ
သွားဝယ်ပေးတတ်တာ ချစ်သူ ခင်သူတွေရဲ့ အကျင့်တစ်ခုပါ။)
ဒီလိုနဲ့ ကောင်လေးက စတိုးဆိုင်တစ်ဆိုင်ကို
(လမ်းကြုံဝင်တာ မဟုတ်ဘဲ) တကူးတကသွားပါတယ်။
စတိုးဆိုင်ထဲလျှောက်ကြည့်ပြီး ကောင်မလေးအတွက် Tissue ရှာတော့
တစ်နေရာမှာ Tissue တွေအလိပ်လိုက်၊ အထပ်လိုက်တင်ထားတဲ့
စင်ကြီးကို တွေ့လိုက်ပါတယ်။ တော်တော်လည်း ပျော်သွားတယ်။
သူ့ကောင်မလေးအတွက် Tissue အကောင်းစား ၀ယ်ပေးမယ်ပေါ့ …
လက်လှမ်းမီရာ Tissue တစ်ထုပ်ကို ကောက်ကိုင်ကြည့်လိုက်ရင်း
စိတ်ထဲကနေ ရေရွတ်လိုက်ပါတယ် -
“အမယ် . . အတောင်ပံနဲ့ဆိုပါလား”
နောက်က ဈေးဝယ်နေတဲ့ကောင်မလေးနှစ်ယောက်က
ပေစောင်းစောင်းကြည့်သွားတာ ဘာကြောင့်ပါလိမ့် !!! . . .
ဒီလိုနဲ့ ကောင်တာမှာ Tissue အတွက် ပိုက်ဆံရှင်းတော့လည်း
ဈေးဝယ်တွေရော၊ Cashier ကောင်မလေးတွေကပါ
သူ့ကို အထူးအဆန်းသဖွယ် ၀ိုင်းကြည့်လှောင်ပြောရယ်မောကြပါတယ်။
ကောင်လေးကလဲ ထွေထွေထူးထူး ဘာမှစဉ်းစားမနေအားဘဲ
“ဘာလဲဟ !!!” ဆိုတဲ့ အထာတဲ့ ခပ်တည်တည်ပဲ ပိုက်ဆံရှင်းပြီး
စတိုးဆိုင်ထဲက ထွက်လာခဲ့ပါတယ်။
ကျောင်းရောက်တော့ ကောင်လေးနဲ့ကောင်မလေးက
အုတ်ခုံတန်းလေးပေါ်မှာထိုင်၊ မလှမ်းမကမ်းမှာလည်း ချစ်သူစုံတွဲတွေနဲ့ပေါ့။
ကောင်မလေးက (မိန်းကလေး ပီသစွာ) အချဉ်ထုပ်စားပါတယ်။
စားပြီးတော့ သူမလွယ်အိတ်ထဲကိုနှိုက်ပြီး Tissue ရှာပါတယ်။
မတွေ့တာနဲ့ ကောင်လေးကို လှမ်းပြောလိုက်တယ် -
“Tissue ၀ယ်ခဲ့မယ်ဆို” တဲ့။
ကောင်လေးက အားရ၀မ်းသာနဲ့ “ပါတယ် . . အကြီးကြီးပဲ” လို့ပြောရင်း
ကောင်မလေးကို မျက်စိမှိတ်ခိုင်းပါတယ်။
သဘောကတော့ သူ့ကောင်မလေး အံ့သြ၀မ်းသာသွားအောင်
သူဝယ်လာတဲ့ (အတောင်ပံနဲ့) Tissue ထုပ်ကို ပေးမယ်ပေါ့။
ကောင်မလေး မျက်စိမှိတ်တာနဲ့
ကောင်လေးလည်း သူဝယ်လာတဲ့ Tissue ထုပ်ကြီးကို
သူမလက်ထဲ ထည့်လိုက်ပါတယ်။
ကောင်မလေးက မျက်စိဖွင့်ကြည့်ပြီး
လက်ထဲက Tissue ထုပ်ကြီးလဲတွေ့ရော
ပါးစပ်ဟောင်းလောင်းဖြစ်ပြီး တော်တော်ရှက်သွားတာပေါ့။
(“ဘာကြောင့်ပါလိမ့်” - ကျွန်တော် စဉ်းစားမိတာပါ။)
ဖြတ်သွားဖြတ်လာ ကျောင်းသူကျောင်းသားတွေကရော
ဘေးနားက ချစ်သူစုံတွဲတွေကပါ ၀ိုင်းဟားကြတယ်လေ။
ဒီတော့ ကောင်မလေးခမျာ စိတ်ကောက်ပြီး
Tissue ထုပ်ကို ကောင်လေးလက်ထဲ အတင်းပြန်ထိုးထည့်ကာ
ပွစိပွစိပြောဆိုရင်း ထထွက်သွားပါတယ်။
ကောင်လေးကတော့ အခုအချိန်ထိ ဘာမှသိပုံမပေါ်ဘဲ
“ဘာဖြစ်လို့ပါလိမ့်” ဆိုတဲ့အတွေးနဲ့
လက်ထဲက Tissue ထုပ်ကိုကြည့်ကာ ငူငူငိုင်ငိုင် ကျန်ရစ်ခဲ့ပါတယ်။
တော်တော် ရယ်(ရီ)ရပါတယ်။
သီချင်းတစ်ပုဒ်လုံး ရယ်စရာလေးတွေနဲ့
ချစ်သူနှစ်ယောက်အကြောင်း ပေါ့ပေါ့ပါးပါးလေး ရိုက်ပြထားတာပါ။
ဒါပေမယ့်
ကောင်မလေး ဘာကြောင့်စိတ်ကောက်သွားတာလဲ ဆိုတာကိုတော့ဖြင့်
အခုထက်တိုင် ကျွန်တော် ရေရေရာရာ မသိပါ။
ချစ်စွာသော အကြင်စာရှုသူ . . .
သင်ရော သိပါသလား ? ? ?
(Tissue နဲ့ပက်သက်လို့ ကျွန်တော့်မှာ အမှတ်တရလေးတွေ ရှိခဲ့တာမို့
“အမှတ်တမဲ့မှ အမှတ်တရသို့” ဆိုတဲ့ ဆောင်းပါးလေးတစ်ပုဒ် ရေးခဲ့ဘူးပါတယ်။)
Wednesday, December 12, 2007
နှင်းဆီပြောလာ ချစ်ဋီကာ
"နှင်းဆီပြောလာ ချစ်ဋီကာ" ဆိုတဲ့
အကြောင်းလေးကို မပြောပြခင်မှာ
ဒီစာကို ရေးဖြစ်တဲ့အကြောင်းလေးကို ပြောပြချင်ပါတယ်။
တစ်နေ့ ကျွန်မနဲ့ ကိုရင်မောင်တွေ့တော့ သူက ကျွန်မကိုပြောပါတယ်။
သူ့သူငယ်ချင်းနဲ့ သူ့သူငယ်ချင်းရဲ့ကောင်မလေးဟာ blog ပေါ်မှာ
အချင်းချင်း အပြန်အလှန်စာတွေရေးကြတာ ပျော်စရာကောင်းပါတယ်တဲ့။
သဘောကတော့ ကျွန်မကိုလည်း ရေးပါလို့ ပြောတာနဲ့ အတူတူပါပဲ။
အဲဒါကြောင့် ဒီစာကို ရေးဖြစ်တာပါ။
ကျွန်မကိုယ်တိုင်လည်း ရေးချင်တဲ့ ဆန္ဒရှိလို့ပါ။
(မရေးလို့ရှိရင်လည်း အဲဒီကိုရင်မောင်က ပွစိပွစိ လုပ်တော့မှာ။
သူက အဘွားကြီးတွေလိုပဲ အလွန်ပစိပစပ်များတဲ့လူကြီးလေ။)
ကိုရင်မောင်ရဲ့ blog ကိုဝင်တဲ့သူ အများစုဟာ
ယောက်ျားလေးများ ဖြစ်တာကြောင့်
ယောက်ျားလေးတွေ သိသင့်တဲ့ အကြောင်းအရာကိုပဲ ပြောပြရတာဖြစ်ပါတယ်။
ကိုယ့်ချစ်သူမိန်းကလေးကို ပန်းပေးတဲ့အခါ
ဘယ်လိုအဓိပ္ပါယ်မျိုးနဲ့ ပေးမလဲဆိုတာ သိသင့်တယ်မဟုတ်လား ?
မိန်းကလေးတွေရဲ့ ပင်ကိုယ်သဘာဝကိုက
ပန်းတွေကို နှစ်သက်တဲ့ အလေ့အထ ရှိပါတယ်။
(ခွေးသေးပန်းတော့ သွားမပေးနဲ့ပေါ့။ မုန့်လက်ဝါး စားနေရလိမ့်မယ်။)
ကဲ . . လိုရင်းပဲ ပြောကြရအောင်။
နှင်းဆီပန်းလေးတွေနဲ့ ကိုယ့်ရဲ့ခံစားချက်ကို
ဘယ်လိုထုတ်ဖေါ်ပြသကြမလဲဆိုတော့ . . . . .
နှင်းဆီ ၁ ပွင့် - တသက်လုံးပုံ၍ ယုံကြည်ချစ်ခြင်း၊ အချစ်ပြင်းနဲ့ ရင်တွင်းကချစ်တယ်။
နှင်းဆီ ၂ ပွင့် - တို့နှစ်ယောက်ကြား ခိုင်မြဲတဲ့ နှောင်တွယ်မှု အထိမ်းအမှတ်ပါ။
နှင်းဆီ ၃ ပွင့် - I love you.
နှင်းဆီ ၄ ပွင့် - သစ္စာတရားနဲ့ ကတိပြုလျက် ပေးဆပ်တာပါ။
နှင်းဆီ ၅ ပွင့် - မင်းကို ချစ်မိတဲ့အတွက် နောင်တမရဘူးဆိုတဲ့ အဓိပ္ပါယ်ပေါ့။
နှင်းဆီ ၆ ပွင့် - မင်းအတွက် ဖြစ်ချင်တယ်။
နှင်းဆီ ၇ ပွင့် - Lucky seven ပေါ့၊ ဒါမှမဟုတ် မင်းကို တို့တော့ အရူးအမူးဖြစ်နေပြီဆိုတဲ့ အဓိပ္ပါယ်လေးပါ။
နှင်းဆီ ၈ ပွင့် - အရာအားလုံး မင်းကို ပေးဆပ်ပါတယ်တဲ့။
နှင်းဆီ ၉ ပွင့် - တို့နှစ်ဦးသား ကမ္ဘာဆုံးတိုင် ချစ်ကြရစေသား ဆိုတဲ့ wish လေးပေါ့။
နှင်းဆီ ၁၀ ပွင့် - အချစ်လေးကို အပြစ်တွေးစရာမရှိအောင် ချစ်တယ်တဲ့။
နှင်းဆီ ၁၁ ပွင့် - ကိုယ့်ဘ၀မှာ မင်းတယောက်ထဲကိုပဲ ချစ်တယ်။
နှင်းဆီ ၁၂ ပွင့် - သံသယကင်းတဲ့ စွဲလမ်းခြင်းတွေနဲ့ပါ။
နှင်းဆီ ၁၃ ပွင့် - တိတ်တခိုး ချစ်နေရတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဖေါ်ဆောင်ပါတယ်။
နှင်းဆီ ၂၄ ပွင့် - ဘာပဲလုပ်လုပ် မင်းပုံရိပ်လေး ၂၄ နာရီ မြင်နေရတယ်တဲ့။
နှင်းဆီ ၃၃ ပွင့် - အလေးအနက်ထပ်ပြောမယ် သိပ်ချစ်တယ်။
နှင်းဆီ ၃၆ ပွင့် - တစ်ခါဆုံတွေ့ မေ့လို့မရ ထာဝရတိုင် လို့ဆိုပါတယ်။
နှင်းဆီ ၄၄ ပွင့် - တစ်သက်တာ ထာဝရပါလို့ ကတိပေးပါတယ်။
နှင်းဆီ ၅၀ ပွင့် - ဘယ်တော့မှ ၀မ်းမနည်းရမယ့် အချစ်မျိုးနဲ့ ချစ်တာပါဆိုတဲ့ အဓိပ္ပါယ်ပေါ့။
နှင်းဆီ ၅၆ ပွင့် - ၅ နဲ့ ၆ လိုပဲ မင်းရဲ့ အနီးဆုံးမှာ နေချင်တဲ့သူပါတဲ့။
နှင်းဆီ ၉၉ ပွင့် - နားလည်ပေးမှု ရာနှုန်းပြည့်နဲ့ ရာသက်ပန် ချစ်နေမှာပါလို့ ဖွင့်ဆိုကြပါတယ်။
နှင်းဆီ အပွင့် ၁၀၀ ကတော့ နှစ်တစ်ရာတိုင် အသက်ထက်ဆုံး ရိုးမြေကျ ပေါင်းပါ့မယ်လို့ အဓိပ္ပါယ်ရပါတယ်။
ဒီအကြောင်းအရာလေးနဲ့ ပက်သက်ပြီး ကျွန်မရဲ့အတွေးအမြင်ကိုပြောရရင်တော့
ကျွန်မသာ နှင်းဆီပန်း အပွင့် ၁၀၀ ရခဲ့မယ်ဆိုရင် နှင်းဆီပန်းအရောင်းဆိုင်ဖွင့်ပြီး
အဲဒီ အပွင့် ၁၀၀ လုံးကို သေချာပေါက် ရောင်းစားပစ်လိုက်မှာ အမှန်ပါပဲ။
မမယ်မ
(မှတ်ချက် - မမယ်မ မှ နောက်ဆုံးပေါ် ခေတ်မီ ဓါတ်ချောပို့စနစ်ဖြင့် ပို့သည်)
Sunday, December 2, 2007
~~~ လှပါတယ်ဆိုနေမှ ~~~
~~~ ဒီထက်ပိုလှချင်သူလေးရယ် ~~~
~~~ ကိုယ်ဟာမင်းကို ~~~
~~~ လှလို့ချစ်တာမဟုတ် ~~~
~~~ ချစ်လို့လှတာပါ ~~~
ကမ္ဘာပေါ်မှာ ဘယ်အချိန်ကြည့်ကြည့်၊ ဘယ်လိုကြည့်ကြည့်
ကြည့်လို့အလှဆုံးအရာကိုပြောပါဟု ဆိုလာလျှင်
ကျွန်တော်ကတော့ “ကိုယ့်ချစ်သူ” လို့ပဲ ဖြေမိမှာအမှန်။
ဘယ်သူ့အတွက်မှန်မှန်၊ မမှန်မှန် ကျွန်တော့်အတွက်တော့
အမြဲတမ်းမှန်ကန်နေသော Universal Truth ဖြစ်လို့နေသောကြောင့်ပင်။
ကျွန်တော်သိသလောက်
မိန်းကလေးများတွင် အလှသုံးမျိုးရှိသည်ဟု ကြားဖူးသည်။
  • ပင်ကို (သဘာဝ) အလှ - မဖြီးမလိမ်း၊ မခြယ်မသ၊ မပြင်မဆင်ဘဲ
    ပင်ကိုသဘာဝအတိုင်း လှနေသောအလှ ဖြစ်ပါသည်။
    မနက်မိုးလင်း မျက်နှာသစ်ပြီးခါစတွင် တွေ့ရတတ်သည်ဟု ဆိုပါသည်။
  • ကပိုကရိုအလှ - အလုပ်လုပ်နေရင်း၊ ထမင်းဟင်းချက်နေရင်း၊
    အင်္ကျီ လုံချည်က ဖိုသီဖတ်သီ၊ ဆံပင်က ဖို့ရိုးဖါးယား၊ ချွေးလေးကစို့စို့ နှင့်
    ညစ်ပတ်ပေကျံနေသည့်ကြားကပင် လှနေသောအလှဟု အဆိုရှိပါသည်။
    ဖိုသီဖတ်သီအလှဟုလည်း အဓိပ္ပါယ်ဖွင့်ဆိုကြပြန်ပါသေးသည်။
  • ပြုပြင်ဆင်ယင်ထားသောအလှ - နဂိုကသိပ်မလှသော်ငြားလည်း
    ဘွဲ့ယူရန်၊ အလှူမင်္ဂလာပွဲသွားရန်၊ အခမ်းအနားတက်ရန် ပြင်ဆင်လိုက်သောအခါမှ ထင်းလင်းဝင်းပလာသည့်အလှမျိုး ဖြစ်ပါသည်။
    အလှအပနှင့် ပက်သက်၍ မည်သို့ပင်ဖွဲ့နွဲ့စေကာမူ
    ကျွန်တော့်အတွက်တော့
    မမယ်မရဲ့အလှကို ဖွဲ့ဆိုသီကျူးဖို့ မြန်မာဝေါဟာရများ ရှားပါးလို့နေသည်။
    သူမက ဖြီးလိမ်းပြင်ဆင်လာတော့လည်း လှသည်။
    အချိန်မရလို့ ဘာမှမလိမ်းမကျံ၊ မခြယ်မသဘဲ နဂိုနေအတိုင်း
    မျက်နှာပြောင်နှင့်ဆိုလျှင်လည်း လှနေပြန်သည်။
    (တစ်သားမွေး တစ်သွေးလှ မဟုတ်တာတော့ သေချာသည်။)
    သူ့ပုံစံလေးက ဘယ်လိုကြည့်ကြည့် စွဲမက်စေသည်။
    မျက်လုံးထဲကပင် မထွက်တော့ (ပိုးကောင် ၀င်သွားလို့)
    သစ်လွင်ပျိုနု၊ လှပေါင်းစုသည့်အရွယ်မို့
    သူ့ကိုကြည့်လိုက်တိုင်း အမြဲနုပျိုလန်းဆန်းနေသည်။
    မြင်ရသူကိုပါ တက်ကြွရွှင်လန်းစေသည်၊ ပြုံးပျော်ကြည်နူးစေသည်။
    (ကိုယ့်ချစ်သူမို့ ပြောတာမဟုတ်ပါ၊ ခင်ဗျားတို့ချစ်သူတွေလည်း ဒီလိုပဲ နေမှာပါ။)
    ကြည့်လို့ပင် မရတော့ (အဲလေ . . မှားလို့) ကြည့်လို့ပင် မ၀တော့။
    ရှမ်းကြိုက်လို့ နွားချောလေတာလားတော့ မပြောတတ်။
    အလှအပဆိုသည်မှာ ကြည့်ရှုခံစားတတ်မှုအပေါ်တွင်လည်း
    မူတည်တတ်သေးသည်ပဲလေ။
    ဘယ်သူ့အတွက် ဘယ်လောက်ပင် ရုပ်ဆိုးနေစေဦးတော့
    ကိုယ့်ချစ်သူအတွက်တော့ အလှဧကရီဖြစ်လို့နေတတ်တာ မဆန်းပေ။
    (ခပ်မိုက်မိုက်အလှတို့၊ ပေစောင်းစောင်းအလှတို့၊
    ဖိုးသိုးဖတ်သတ်အလှတို့လည်း ရှိချင်ရှိနေနိုင်ဦးမည် ဆိုလျှင်တောင်
    ကျွန်တော့်မမယ်မနှင့် ကင်းအံ့မထင်။)
    သြော် . . ဘာလိုလိုနဲ့ ကျွန်တော်တောင် တော်တော်ချစ်တတ်နေပါပကောလား။
    (ရည်ညွှန်း - နုဖပ်ဥအက်ကာ ပိုးစိုးပက်စက်လှနေသော ကျွန်တော့်ချစ်သူ မမယ်မသို့ အမှတ်တရ)
  • Tuesday, November 27, 2007
    စနေ၊ တနင်္ဂနွေကျောင်းပိတ်ပြီး
    ပြန်ဖွင့်တဲ့ တနင်္လာနေ့ရောက်ရင်
    မမယ်မဆီက စာရောက်လာလေမလားရယ်လို့
    မျှော်ငေးမိတာ ကျွန်တော့်အကျင့်တစ်ခုလို ဖြစ်နေပြီ . . .
    တနင်္လာနေ့က စာတစ်စောင်မှ ပါမလာလို့
    ဆရာ တင်သန်းဦး ရေးသလို “စာမလာ၊ သတင်းမကြား” ဖြစ်နေတုန်း
    အင်္ဂါနေ့လည်းရောက်ရော သူမဆီက စာရောက်လာပါတော့တယ် . .
    ကျွန်တော်ဆေးလိပ်သောက်တာကို မကြိုက်ပေမယ့်
    ချုပ်ခြယ်ကန့်သတ်တာမျိုးမဟုတ်ဘဲ ချင့်ချိန်စဉ်းစားနိုင်အောင်
    ဆေးလိပ်ရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို အစီအစဉ်တကျ
    အသေးစိတ်ရေးပေးလိုက်သော သူမအား လေးစားသွားမိသည် . .
    မြန်မာလို တစ်လုံးမှ မပါ။ အားလုံး Medical Terms တွေချည်းဆိုတော့
    ကျွန်တော့်မှာ Dictionary တစ်အုပ်နှင့် အတော်အလုပ်ရှုပ်သွားသည်။
    အချို့စာလုံးများ ရှာလို့ပင်မတွေ့။
    ဆေးလိပ်ရဲ့ဆိုးကျိုးတွေ ရေးထားတာမြင်ရတော့မှ
    တစ်စုံတစ်ရာကို ပြင်းပြင်းရှရှ သတိရမိသွားသည် . . .
    “သြော် . . ငါဒီနေ့ တစ်နေကုန် ဆေးလိပ် မသောက်ရသေးပါလား” လို့
    အတွေးမဆုံးခင် မီးခြစ်နှင့် ဆေးလိပ်ဆီ လက်က အလိုလိုရောက်သွားသည် . .
    ဆေးလိပ်နှင့်မီးခြစ် တစ်ဘက်၊ စာက တစ်ဘက်ကိုင်ရင်း စဉ်းစားမိသည် . . .
    အတွေးထဲမှာတော့ @#$%^&**&^%$#@*&^%$#@
    နောက်ဆုံးတော့ လက်ထဲက ဆေးလိပ်နှင့်မီးခြစ်ကို
    စားပွဲပေါ် ပြန်တင်ထားလိုက်သည်။
    တစ်နေ့ဆေးလိပ်နှစ်လိပ်ကုန်သည်ဆိုလျှင် တစ်လိပ်သာသောက်ဖြစ်တော့သည်။
    နှစ်ခါသောက်မည့်အရေး မသောက်ဖြစ်တော့။
    မမယ်မ တစ်ယောက် ကျေနပ်နိုင်ကောင်းပါရဲ့။
    Sunday, November 25, 2007
    One day,
    She came to me and asked me
    What's more important: She or My Life?
    I said My Life.
    Then, She walked away and left me,
    Never knowing that she is My Life.
    Saturday, November 10, 2007
    ရင်ကိုယားစေသော စာလေးတစ်စောင်
    ကျွန်တော်က လူတစ်မျိုး။
    ချစ်သူခင်သူဆီကလာတဲ့ စာမျိုးဆိုရင် ဘယ်တော့မှ ပြီးစလွယ်မဖတ်တတ်။
    ကျကျနနခံစားပြီးမှ ဖတ်တတ်သည်။ အချိန်မပေးနိုင်ရင် မဖတ်။
    သူတောင် အချိန်ပေးပြီး ကိုယ့်ဆီကို တကူးတက စာရေးသေးတာပဲ။
    ကိုယ်က သူ့လိုတောင် လက်ညောင်းခံပြီး စာရေးရတာမျိုးမဟုတ်။
    မျက်လုံးနဲ့ (တိတိပပပြောရရင် ရင်ဘတ်နဲ့) ဖတ်တာလောက်တော့ အချိန်ပေးသင့်သည်။ ခံစားနားလည်ပေးသင့်သည်။
    ဒါမှလည်း မျှမျှတတ ဖြစ်တော့မယ်ပေါ့။
    တစ်နေ့ ကျောင်းကအပြန် စာတိုက်ဝင်ကြည့်တော့ ကျွန်တော့်စာ ပါလာသည်။
    ပျော်လိုက်သည့်ဖြစ်ခြင်း။ ချက်ခြင်းဖေါက်ဖတ်ချင်စိတ်ကို မြိုသိပ်ကာ
    စာကို တယုတယ အိတ်ထဲထည့်ပြီး ပြန်လာခဲ့သည်။
    အခန်းရောက်လို့ အ၀တ်အစားလဲ၊ တိုလီထွာလီလေးတွေလုပ်ပြီး၊
    စိတ်ရှင်းသွားတော့မှ စာကို အေးအေးဆေးဆေး ဖေါက်ဖတ်ဖြစ်သည်။
    ရေးသည့်သူက ခံစားချက်ပါပါ ရေးလိုက်သည့်အတွက်လားတော့မသိ၊
    စာအိတ်ဖေါက်နေရင်းနှင့်ပင် ကျွန်တော့်ရင်တွေ တဒိတ်ဒိတ်ခုန်လာသည်။
    (ကျွန်တော် ကော်ဖီမကြိုက်တတ်ပါ။)
    စာထဲကအကြောင်းအရာလေးတွေကို ဖတ်ရင်းနဲ့
    ရင်ထဲမှာ ယားကျိကျိဖြစ်လာတယ်။
    စာဖတ်သူကို ယားကျိကျိတောင် ခံစားစေတယ်ဆိုတော့
    တော်တော့်ကို ဆွဲဆောင်မှုကောင်းတဲ့ စာလေးပေါ့။
    သူ့စာထဲမှာ ဘယ်လောက်တောင် နစ်မျောသွားသည်မသိ၊ နောက်တော့ လက်တွေပါ ယားလာတာ။ တစ်ကိုယ်လုံးကို ယားလာတော့တာပါပဲ။
    နောက်ဆုံးမှာတော့ ဘယ်လိုမှ မနေနိုင်လို့ ရေပြေးချိုးလိုက်ရတော့တယ်။
    စာထဲက တစ်ယောက်သောသူရဲ့ခံစားချက်တွေအပေါ်
    အဲလောက်ထိ နင့်နင့်သည်းသည်း ခံစားနားလည်ပေးမိတာ ကျွန်တော်မလွန်ပါဘူးနော်။
    ရေချိုးပြီး၊ စာလေးကို သေချာဖတ်ကြည့်တော့မှ
    အောက်ဆုံးက မှတ်ချက်ကို သတိထားမိသွားသည်။
    "ခွေးလျားသီးမှုန့်ပါသည်" တဲ့လေ။
    ဖတ်ဘူးသော ဆောင်းပါးတစ်ပုဒ်ကို ပြန်လည်ပြင်ဆင်ဖေါ်ပြပါသည်။
    Wednesday, November 7, 2007
    ထိုမိန်းကလေး
    ဒီနေ့ ကျွန်တော် ကျောင်းစာသင်ခန်းထဲမှာ Lecture လိုက်နေတုန်း စူးစူးရှရှနဲ့ ဖုန်းဝင်လာလို့ကြည့်လိုက်တော့ ကျွန်တော့်အသိသူငယ်ချင်းတွေထဲက မဟုတ်ဘဲ Private Call နဲ့ ခေါ်နေတာကို ထူးထူးခြားခြား တွေ့လိုက်ရပါတယ်။ ဒါပေမယ့် ဆရာ စာသင်နေတာဖြစ်တဲ့အတွက် ဖုန်းကို Accept မပေးဘဲ Ignore ပေး လိုက်ပြီး စာဆက်သင်နေပါတယ်။ ဖုန်းက ဒုတိယအကြိမ် ထပ်ဝင်လာပြန်ပါတယ်။ ကျွန်တော်လည်း Ignore ထပ်ပေးလိုက်ပြန်ပါတယ်။ မဖြစ်တော့ဘူးဆိုပြီး ဖုန်း Ring Tone ကို အဆုံးထိ (ဆရာ မကြားအောင်) လျော့ချလိုက်ပြီး Vibrate လုပ်ထားလိုက်ပါတယ်။ စိတ်ထဲမှာလည်း ဘယ်သူ၊ ဘာ အရေးကြီးလို့လဲ မသိ ဘူးဆိုပြီး တွေးလိုက်မိပါတယ်။ စာရေးစားပွဲပေါ်တင်ထားတဲ့ဖုန်းက Vibration ကြောင့် တုန်ခါလာပြီး တတိယအကြိမ်မြောက်ဖုန်းဝင်လာချိန်မှာတော့ သိချင်စိတ် ကို ကျွန်တော် ဘယ်လိုမှ မမြိုသိပ်နိုင်တော့။ စားပွဲအောက်သို့ ခေါင်းအနည်းငယ် တိုးဝင်ငုံ့လျိုးကာ ဖုန်းကိုင်လိုက်ပါတယ်။ အသံရှင်က မိန်းကလေးဖြစ်နေသည်။
    “ဟယ်လို၊ ဘယ်သူလဲမသိဘူး”
    “ဟယ်လို၊ ကို …… နဲ့ စကားပြောချင်လို့ပါရှင်”
    တစ်ဘက်ကဖုန်းကိုင်သူကို မည်သူနှင့်ပြောလိုကြောင်း ခွင့်ပန်သည့်သဘောမျိုး မဟုတ်ဘဲ ရင်းနှီးသူအချင်းချင်း စနောက်သည့်အနေဖြင့် ငေါ့ပြောသည့်ပုံစံမျိုး ပြောဆိုနေပုံက ကျွန်တော့်ကို ပိုမို အံ့အားသင့်သွားစေပြန်သည်။ သူမ အသံက တရင်းတနှီး ရှိလှသည့်အပြင် စကားပြောရင်းက တစ်ချက်တစ်ချက် ရယ်လိုက် သေးသည်။ ရှေ့က ဆရာ မကြား၊ မမြင်အောင် ခိုးပြောနေရသော ကျွန်တော့် ဒုက္ခကို သူမ မသိ။
    “ဟုတ်ပါတယ်၊ ဘယ်သူလဲမသိဘူး”
    “ကို …… ဟုတ်ပါတယ်နော်”
    “ဟုတ်ပါတယ်၊ ဘယ်သူလဲမသိဘူး” ဒုတိယအကြိမ် ထပ်မေးလိုက်ပြန်သည်။
    “…………………………”
    ဒီအတိုင်းဆို မဖြစ်တော့၊ စာသင်ခန်းထဲမှာ ဆရာ့အသံက လွှမ်းနေသောကြောင့် သူမ အသံကို သဲသဲကွဲကွဲ သိပ်မကြားရ။ ဒီလိုပဲ ဆရာ မကြားအောင် တိုးတိုးလေး ကပ်ပြောနေရသော ကျွန်တော့်အသံကိုရော သူမ ကြားနိုင်ရဲ့လား မသိ။ သိချင် စိတ်ကြောင့်ရော၊ စကားကို ဘယ်သူမှ မကြားအောင် ထိန်းပြောနေရသည့်အတွက် ပါ စိတ်လှုပ်ရှားပြီး ကျွန်တော့်အသံတွေ မသိမသာ တုန်ယင်နေသည်။
    “ကျွန်တော် စာသင်ခန်းထဲရောက်နေလို့ နောက်မှ ပြန်ဆက်ပါနော်”
    “…………………………”
    ကျွန်တော် ဖုန်းချပစ်လိုက်သည်။ စာဆက်သင်နေပေမယ့် အာရုံက စာထဲမှာ မရှိ တော့။ (ကျွန်တော့်ကို သိနေသော) ဖုန်းဆက်သည့် အဆိုပါအသံရှင်မိန်းကလေး က ဘယ်သူလဲ၊ ဘာအကြောင်းကြောင့် ကျွန်တော့်ဆီဖုန်းဆက်တာလဲ ဆိုတာကို (ခပ်ပြင်းပြင်း) သိချင်တာကလွဲရင် ကျွန်တော့်ခံစားချက်က ဒီထက် မပိုခဲ့။
    စာသင်ရင်း ဖုန်းထဲမှ Received Calls တွေကို ပြန်ကြည့်နေမိသည်။ Private Call ဖြင့် ခေါ်ဆိုသောကြောင့် ဖုန်းနံပါတ် မပေါ်သည့်အတွက် မည်သည့်အရပ်မှ ခေါ်ဆိုနေကြောင်း ပြန်ကြည့်လို့လည်းမရ၊ မိမိက ပြန်ခေါ်လို့ကလည်း မရနိုင်ပြန်။ ကျွန်တော့်စိတ်တွေ ယောက်ယက်ခတ်ကုန်သည်။
    ကျွန်တော်သိသော မိန်းကလေး သူငယ်ချင်းများ၏ အသံ မဟုတ်တာကတော့ သေ ချာသည်။ သူတို့ ကျွန်တော့်ကို ဖုန်းခေါ်သည်ဆိုလျှင်တောင် ဘာအတွက်ကြောင့်မှ Private Call ဖြင့် မခေါ်။
    ဒါဖြင့် ဖုန်းမှားခေါ်မိတာရော ဖြစ်နိုင်လား၊ ကျွန်တော့်နာမည်ကို တပ်ခေါ်နေသော ကြောင့် ပိုလို့ပင် မဖြစ်နိုင်သေး။
    ဒါဆို ဘယ်သူလဲ၊ ကျွန်တော် မစဉ်းစားနိုင်။
    သူမ ဖုန်းခေါ်သည့်အချိန်က စာသင်ခန်းထဲရောက်နေမိသည့် မိမိအဖြစ်ကိုပဲ အပြစ် တင်ရမလား ?
    ဒါမှမဟုတ် အမည်နာမကို ပြောမသွားသည့် သူမ ကိုပဲ ယိုးမယ်ဖွဲ့ရမလား ?
    သို့တည်းမဟုတ် နေ့ခင်းကြောင်တောင် (ကိုရီးယားကားတွေထဲကလို) ဖုန်းသရဲ များ ခြောက်လေသလား ?
    စာသင်ချိန်ပြီးသွားတော့ ဖုန်းများ ပြန်ခေါ်ဦးမလားဆိုပြီး စောင့်နေမိသေးပေမယ့် မျှော်လင့်ချက် မပြည့်ဝခဲ့။
    မေးခွန်းပေါင်းများစွာဖြင့် ကျောင်းကအပြန် အိမ်မရောက်မချင်း ဘတ်စ်ကားပေါ် အထိ အတွေးတွေက ကပ်တွယ်ငြိပါလာသည်။
    ပဟေဠိဆန်လွန်းလှပါဘိတောင်း ………။
    Thursday, November 1, 2007
    ချစ်သူအတွက် ချစ်သက်လက်ဆောင်
    တကယ်တော့ အချစ်ဆိုတာ သူ့ဟာနဲ့သူသီးသန့်နေရင် အင်မတန်ကို မြတ်နိုးဖွယ် ရာကောင်းတဲ့ ခံစားချက်တစ်ခုပါ။ ဒီအချစ်ကို ငွေကြေးအရှိန်အ၀ါတွေ၊ မာန်မာန တွေနဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေ ရောနှောလိုက်တဲ့အခါမှာ အချစ်ဟာ နာမည် ဆိုးနဲ့ကျော်ကြားသူ ဖြစ်သွားရတာပေါ့။ အမှန်မှာက အချစ်ဆိုတာ ပေးဆပ်ခြင်း မဟုတ်သလို ရယူခြင်းလည်းမဟုတ်ပြန်ဘူး။ အနီးစပ်ဆုံးပြောရရင်တော့ ဖလှယ် ခြင်းပေါ့။ တစ်ဦးရဲ့ပျော်ရွှင်မှု့ကို တစ်ဦးထံပြောပြီး ဖလှယ်တာ၊ တစ်ယောက်ရဲ့ ပူပင်သောကကို တစ်ယောက်က မျှဝေခံစားပေးတာ၊ ဒါဟာ အချစ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပိုနီးစပ်ပါတယ်။ ဒါကြောင့် အပေးအယူမျှတတဲ့ စုံတွဲလေးတွေ ဖြစ်ဖို့ အတွက် အောက်ပါအချက်လေးတွေကို ဖတ်ကြည့်ပြီး တစ်ပတ်လောက်ဖြစ်ဖြစ် စမ်းသပ်ကြည့်ပါလား။
    (အဆင်မပြေလို့ ပြန်အမ်းရင်တော့လည်း သဗ္ဗေသတ္တာ၊ ကမ္မသက္ကာ ပေါ့ဗျာ)
    အချစ်တွေ ထုံမွမ်းနေတဲ့ နိုဝင်ဘာလလေးမှာ ချစ်သူတိုင်း အဆင်ပြေချောမွေ့စေဖို့ အတွက်လေ။
    • သူနဲ့ကိုယ့်ရဲ့ကွဲပြားချက်လေးတွေကို သဘောပေါက်ပေးပါ
    စက္ကန့်ပိုင်းသာခြားပြီးမွေးတဲ့ အမြွာလေးတွေတောင်မှ စိတ်ဓါတ်ချင်းချွတ်စွပ်တူဖို့ ရာ မဖြစ်နိုင်တဲ့ အနေအထားမှာ ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေး တစ်ယောက်ဟာ ဘယ်လိုမှ အကြိုက်ချင်းတူညီနိုင်မှာ မဟုတ်ပါဘူး။ တစ်ဦးက ကော်ဖီကြိုက်ပြီှး၊ တစ်ဦးက လက်ဖက်ရည်ကြိုက်တာ ပြဿနာမဟုတ်ပေမယ့် ဒီထက်လေးနက်တဲ့ ကိစ္စတွေမှာဆိုရင်တော့ ပြဿနာရှိလာနိုင်ပြီပေါ့။ ဥပမာ - ယောက်ျားလေးဆိုရင် ဘီယာ၊ စီးကရက် သောက်တာမျိုး၊ ဒါမျိုးက ပြောင်းလဲ လာတဲ့ခေတ်ရေစီးကြောင်းအရမို့ အလွန်အကျွံမဟုတ်ရင် နားလည်ပေးသင့်တဲ့ ကိစ္စမျိုးပါ။ အဓိကက သူရဲ့စိတ်နဲ့ ကိုယ်ရဲ့စိတ်ဟာ ဘယ်လိုမှထပ်တူကျမှာ မဟုတ်လို့ ညီမျှခြင်းချဖို့လည်း မကြိုးစားပါနဲ့။ အတိုင်းအတာတစ်ခုအထိ နားလည် ပေးထားခြင်းဟာလည်း သူကိုယ့်ကို ရှိန်လာစေမယ့် အချက်တစ်ချက်ပါဘဲ။
    • ချစ်လက်ဆောင်လေးတွေပေးပါ
    လက်ဆောင်ဆိုတာ မနှစ်သက်တဲ့သူ မရှိပါဘူး။ တန်ဖိုးနည်းတာ၊ များတာထက် လက်ဆောင်ပေးတယ်ဆိုတာ ကိုယ့်ကိုအလေးအနက်ထားခြင်းတစ်မျိုးပဲ မဟုတ် လား။ ဒီလိုပါဘဲ၊ ချစ်သူတွေမှာလဲ မွေးနေ့ရောက်မှ လက်ဆောင်ဆောင်ပေးတာ မျိုး မဟုတ်ဘဲ ရံဖန်ရံခါ ချစ်သက်လက်ဆောင်လေးတွေပေးတာဟာ သူ့ကို ကိုယ်အလေးအနက်ထားတယ်ဆိုတာ ပါးစပ်ကမပြောဘဲ ရင်ဘတ်နဲ့ ထုတ်ဖော် ပြသ နေတာပါပဲ။ စာအုပ်ကြိုက်တဲ့ချစ်သူအတွက် စာအုပ်လေးတွေ လက်ဆောင် ပေးတာမျိုး ၊ သီချင်းကြိုက်တတ်တဲ့ ချစ်သူလေးအတွက် သူသဘောကျတဲ့ အဆို တော်ရဲ့ အခွေထွက်ရင် ဦးဦးဖျားဖျား လက်ဆောင်ဝယ်ပေးတာမျိုး စသဖြင့်ပေါ့။ ဒါလေးတွေက တစ်ဖက်သားက ကိုယ့်ကိုပိုချစ်လာစေမယ့် အခွင့်အလမ်းလေးတွေ ပဲပေါ့။
    (စာအုပ်ကြိုက်တဲ့ချစ်သူအတွက် ရေးချင်တာရေးလို့ရအောင် အတွေးချော်ပြီး ဗလာစာအုပ်တွေ ပေးတာမျိုး၊ Iron Cross ကြိုက်တဲ့ချစ်သူအတွက် ပေးချင် ဇောကပ်ပြီး တွံတေးသိန်းတန်ခွေကို တကူးတက ရှာဝယ်ပြီး လက်ဆောင်ပေးတာ မျိုးတော့ မလုပ်မိဖို့လိုပါတယ်)
    • နားလည်စွာနဲ့ စိတ်ဓါတ်မြှင့်တင်ပေးပါ
    Life is not a bed of rose ဆိုတဲ့စကားလိုပဲ ဘ၀ဆိုတာ ပန်းခင်းလမ်း မဟုတ်ဘူးလေ။ ဘယ်လောက်ချမ်းသာတဲ့လူပဲဖြစ်ဖြစ် ကျရှုံးချိန်တို့၊ ၀မ်းနည်း ကြေကွဲရတဲ့ အချိန်တို့ဆိုတာ ရှိလာမှာပဲမဟုတ်လား။ ဒီလိုအခက်အခဲတွေ ကြုံလာ တိုင်း နားလည်စွာနဲ့ စိတ်ဓါတ်မြှင့်တင်ပေးဖို့ အရေးကြီးပါတယ်။ သူစိတ်ဓါတ်ကျ နေချိန်၊ ဒါမှမဟုတ် ရှုံးနိမ့်နေတဲ့အချိန်မှာ ချစ်သူကောင်းပီသစွာနဲ့ နှစ်သိမ့်ဆွေးနွေး ပေးနိုင်ဖို့ လိုပါတယ်။ မအောင်မြင်လို့ စိတ်ဓါတ်ကျနေတဲ့ သူတစ်ယောက်ကို သွားပြီးအပြစ်တင်ရင် တစ်ဖက်ကလည်း မခံချင်စိတ်နဲ့ပြန်ပြောတဲ့အခါ အခန့် မသင့်ရင် အက်ကြောင်းရာတွေပါ ထင်သွားတတ်ပါတယ်။ သူ့အပေါ်ကို ကိုယ်က နားလည်ပေးနိုင်ရင် အနှိုင်းမဲ့ ဖြစ်ပြီပေါ့။
    • ချစ်သူအတွက်ဆို လူရွှင်တော်ဖြစ်ပါစေ
    ဟာသကို မကြိုက်တဲ့သူရှိရင် လက်ညှိုးထိုးပြစမ်းပါ။ ဒီလိုပါဘဲ တည်တည် တင်း တင်းကြီးနေတဲ့ သူကို ဘယ်သူက ခင်ချင်မလဲနော်။ အထူးသဖြင့် ကိုယ်ချစ်တဲ့သူ အတွက် ပျော်ရွှင်စရာလေးတွေ ဖန်တီးပေးနိုင်တဲ့သူဖြစ်နေရင် အကောင်းဆုံးပဲ ပေါ့။ ပျော်ရွှင်စရာတွေ ဖန်တီးတာဟာ ငွေကြေးတစ်ပြားတစ်ချပ်မှ မကုန်ပါဘူး။ ဒါပေမယ့် အဲဒီပျော်ရွှင်မှု့ကို ငွေကြေးနဲ့လည်း ၀ယ်ယူလို့မရပါဘူး။ ကိုယ်ချစ်သူ ကို တစ်ခါရယ်မောအောင်လုပ်နိုင်သူဟာ နှစ်ဆတိုးပြီး ပိုချစ်ခံရတဲ့သူပါဘဲ။ ဒါ့အပြင် အံ့သြစရာလုပ်တတ်တာဟာလည်း အရည်အချင်းတစ်ခုပဲတဲ့နော်။ ကဲ - သင့်ချစ်သူနဲ့တွေ့တဲ့အခါ သူရယ်အောင် တစ်ခုခုနောက်ကြည့်လိုက်စမ်းပါ။ တစ်ခု သတိထားရမှာက စိတ်ဆိုးအောင်ပဲနောက်နောက်၊ ရယ်စရာဖြစ်အောင်ပဲ စစ၊ စိတ်နာအောင် မစ၊ မနောက်မိစေဖို့ပဲ။
    • အဖြူရောင် မေတ္တ္တာကိုလည်းပေးပါ
    အချစ်ဆိုတာ တစ်ခါတစ်ရံမှာ ပူလောင်တတ်တဲ့ သဘာဝရှိပါတယ်။ ဘယ်လိုအခါ မျိုးတွေမှာ ပူလောင်သလဲဆိုတော့ ကိုယ့်ဆန္ဒတွေမပြည့်ဝတဲ့အခါမှာပေါ့။ မေတ္တာ မှာတော့ ဘယ်တော့မှ ပူလောင်ခြင်းဆိုတာ မရှိဘူးလေ။ မေတ္တာဆိုတဲ့သဘောက တစ်လောကလုံးကို ဖြန့်ကျက်ပေးထားလို့ ရတာမဟုတ်လား။ အချစ်ဆိုတာက တော့ တစ်လောကလုံး မပြောနဲ့။ ဟင်း - တစ်ယောက်ထက်ပိုသွားပြီဆိုရင်ကို .... ကဲ - အဲဒါတွေထက် အရေးကြီးတာတွေက သူ့အပေါ်မှာ နက်ရှိုင်းတဲ့ အချစ်တွေနဲ့ ထပ်တူ အေးမြလှတဲ့အဖြူရောင်မေတ္တာကိုလည်း ပေးနိုင်ဖို့ပါ။ ဒီလို စိတ်ထား တတ်သွားရင် အရမ်းကြီး ပြာကျအောင်တော့ မပူလောင်တော့ဘူးပေါ့။ အထူး သတိထားရမှာကတော့ ကိုယ့်အချစ်ကို ဗန်းပြပြီး ၊ သူ့ဘ၀ရဲ့ တက်လမ်းတွေကို ပိတ်ပင်မထားဖို့ပါဘဲ။ မေတ္တာနဲ့ယှဉ်ပြီး ချစ်တတ်တဲ့သူဟာ အရာအားလုံးထက် မြင့်မြတ်တဲ့သူပါ။
    • တောင်းပန်ခြင်းနှင့် ခွင့်လွှတ်ခြင်း ဒွန်တွဲပါစေ
    လောကမှာ မမှားဖူးတဲ့သူဆိုတာ မရှိပါဘူး။ ချစ်သူတွေကြားမှာ ကြီးကြီး ကျယ် ကျယ်တွေ မဟုတ်ရင်တောင် စိတ်အခန့်မသင့်စရာကိစ္စလေးတွေကတော့ စုံတွဲ တိုင်းလိုလိုမှာ ရှိတတ်ကြပါတယ်။ တချို့က ကိုယ်မှားမှန်းသိရက်နဲ့ ဘယ်တော့မှ မတောင်းပန်ချင်ကြဘူး။ ဒီတော့ ဘယ်လိုပြဿနာတွေဖြစ်ဖြစ် ကိုယ်ကမှားတယ် ဆိုရင် တောင်းပန်ဖို့ ၀န်မလေးပါနဲ့။ ဒီလိုပါပဲ၊ အတောင်းပန်ခံရတဲ့သူကလည်း ငါကအသာစီးကပဲဆိုတဲ့ စိတ်မျိုးကြီးနဲ့ တင်းမထားသင့်ဘဲ နားလည်ခွင့်လွှတ်ပေး တတ်ဖို့ လိုပါတယ်။ ကိုယ်မှားလို့ တောင်းပန်ခြင်းဟာ တစ်ဖက်သားအပေါ် လေးစားမှုရှိခြင်းနဲ့လည်း အတူတူပါဘဲ။ ဒါကြောင့် မှားသွားရင် ကျေနပ်အောင် တောင်းပန်လိုက်ပါ။ တောင်းပန်ခံရရင်လည်း ခွင့်လွှတ်ပေးပါ။ ဒါပေမယ့် စော်ကားဖို့ဝန်မလေးသလို တောင်းပန်ဖို့လည်း အသင့်ပဲ ဆိုတဲ့ လူစားမျိုးထဲ မပါပါစေနဲ့။
    • နွေးထွေးသောအချစ်တွေ အရောင်လက်ပါစေ
    သူနဲ့ငါချစ်နေတာပဲ။ ဘာမှမလိုပါဘူးလေဆိုပြီး အေးတိအေးစက်ကြီး နေတာ ကြာလာရင် အေးတိအေးစက်ကြီးပဲ ဖြစ်သွားတတ်ပါတယ်။ ဒီအခြေအနေကြီးကို လိုလားပါသလား။ မလိုလားပါဘူးနော်။ အချစ်တွေ အမြဲတမ်းနွေးထွေးဖို့အတွက် အရေးကြီးပါတယ်။ ဒီအတွက်ကတော့ တစ်ယောက်နဲ့တစ်ယောက် အပြန် အလှန် ဂရုစိုက်တာ၊ ချစ်သူဖြစ်စက အမှတ်တရလေးတွေ ပြန်ပြောတာ၊ ယောက်ျားလေး ဆိုရင်လည်း ကိုယ်ပိုးပန်းစဉ်က လွဲချော်ခဲ့ဖူးတဲ့ အဖြစ်သနစ်လေးတွေကို ပြန် ပြောင်းပြောဆိုတာ၊ မိန်းကလေးဆိုရင်လည်း အဖြေပေးစဉ်အခါက ရင်ခုန် စိတ် လှုပ်ရှားမှုလေးတွေ ပြန်ရင်ဖွင့်ပြတာ စသဖြင့် အခါအခွင့်သင့်တိုင်း နှောင်း တမြည့်မြည့် ပြန်လုပ်သင့်ပါတယ်။ ချစ်တယ်ဆိုတဲ့စကားဟာ ပိုးပန်းစဉ် ဒါမှမဟုတ် အဖြေပေးစဉ်ပြောတဲ့ တစ်ခါသုံးစကားမဟုတ်ပါဘူး။ မသေမချင်း တစ်ဘ၀လုံး သုံးရမယ့် စကားပါ။ ဒါကြောင့် ကိုယ့်ချစ်သူကိုချစ်တယ်လို့ ထပ်ထပ်ပြောဖို့ နှုတ် မတွန့်ပါနဲ့လား။ နှစ်ဦးသားတွေ့ဆုံချိန်မှာ သူ့မျက်ဝန်းတွေကို တည့်တည့်စိုက်ကြည့် ပြီး မင်းကိုအရမ်းချစ်တာပဲ ဆိုတဲ့ စကားကို ပြောကြည့်ပါလား။ သူလည်း ရင်တွေ ပြန်ခုန်လာတာကို သင့်နားနဲ့ ဆတ်ဆတ်ကြားရပါလိမ့်မယ်။
    ဖတ်ဘူးသော ဆောင်းပါးလေးတစ်ပုဒ်ကို ပြင်ဆင်ဖြည့်စွက် ဖေါ်ပြလိုက်တာပါ
    Friday, October 26, 2007
    သီတင်းကျွတ်လပြည့်နေ့
    ကြာငါးမည်ကြိုင်သင်းလို့
    လျှံဝင်းတဲ့ပြောင်ထိန်။
    ရွှေနန်းတောင်တော်ဦးမှာ
    ကွန့်မြူးမြင်းမိုရ်မီး
    ညီးတဲ့ခါချိန်။
    ရှိဦးငယ်နှိမ်
    သုံးကြိမ်ရိုပြောင်း။
    သက္ကစ္စာဂါရ၀နှင့်
    စဉ်အလာပူဇော်ပွဲကို
    နွှဲကြပေတောင်း . . ။
    (ဖိုးသူတော်ဦးမင်း)
    ယနေ့ကား မြန်မာသက္ကရာဇ် ၁၃၆၉ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာနေ့) ဖြစ်ပါသည်။ မြန်မာလ တစ်ဆယ့်နှစ်လရှိသည့်အနက် ဤသီတင်းကျွတ်လသည် မိုးရာသီကုန်ဆုံးကာ မိုးလေကင်းလွတ်၍ ရာသီဥတုကောင်းမွန်သာယာသည့် အချိန်အခါဖြစ်သည့်အပြင် နေ့တာ ညတာ ညီမျှသောကာလလည်း ဖြစ်ပေသည်။ မွှေးရနံ့ထုံသင်းကာ အဆင်းလှသော ကြာဖြူ၊ ကြာနီ၊ ကြာညို၊ ကြာပုဏ္ဍရိတ် နှင့် ကြာပဒုမ္မာဟူသော ကြာမျိုးငါးပါးတို့မှာ ရေကန်သာအိုင်များအတွင်းဝယ် တစ်မူ ထူးခြားစွာ တန်ဆာဆင် ဖွင့်ဖူးကြသည်မှာလည်း သီတင်းကျွတ်လ၏ ထူးကဲသော ဂုဏ်ရည်တစ်ခုဖြစ်သည်။
    သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည် သာဝတ္တိပြည်တွင် သရက်ဖြူ ပင်ရင်း၌ အယူလွဲမှားနေသော တိတ္တိတစ်သင်းတို့အား တန်ခိုးပြာဋိဟာပြကာ နှိမ်နင်းချေချွတ်တော်မူပြီးနောက် တာဝတိံသာ နတ်နန်းဝယ် မယ်တော်ဖြစ်ခဲ့ဘူး သော သန္တုဿီတနတ်သားအားအမှူးပြု၍ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် ရှိသည့်အနက် ထက်ဝက်မျှပင်ရှိသော အဘိဓမ္မာဒေသနာတော်ကို ဗန္တုကမ္ဗလာ မြကျောက်ဖြာထက်တွင် ၀ါတွင်းသုံးလပတ်လုံး ထက်ဝယ်ဖွဲ့ခွေနေတော်မူ၍ ဟော ကြားတော်မူခဲ့သည်။ ယင်းသို့ တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော် မူပြီးနောက် ဤ၀ါကျွတ်ချိန်ခါရက်မြတ်တွင် တာဝတိံသာ နတ်နန်းမှသည် လူ့ပြည် ဖြစ်သော သင်္ကဿနဂိုရ်သို့ သိကြားမင်းလှူဒါန်းသော ရွှေစောင်းတန်း၊ ငွေစောင်း တန်း၊ ပတ္တမြားစောင်းတန်း၊ စောင်းတန်းကြီးသုံးသွယ်ဖြင့် နတ်ဗြဟ္မာအပေါင်းတို့ ခြံရံလျက် ဆင်းသက်ကြွမြန်းတော်မူလာခဲ့သည်။ ထိုသို့ လူ့ပြည်သို့ကြွမြန်းလာ သော ဗုဒ္ဓဘုရားရှင်အား လူ၊ နတ်၊ သတ္တ၀ါအပေါင်းက ဆီမီးရောင်စုံထွန်းညှိ ပူဇော်ကန်တော့ရာမှ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့) အဖြစ်ပေါ်ပေါက် လာခြင်းဖြစ်ပေသည်။
    ဤသီတင်းကျွတ်လပြည့်နေ့တွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာ အရ ရတနာသုံးပါးနှင့် တကွ၊ သက်ကြီး ၀ါကြီး၊ လူကြီး သူမ၊ ဆရာသမားများအား လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ပြီး မီးထွန်းပွဲတော်များနှင့်အတူ ကုသိုလ် ကောင်းမှုများ ပြုလုပ်ကြပါသည်။ ကလေးသူငယ်များကလည်း ဆီမီးရောင်စုံ ထွန်းညှိထားသော မီးပုံးများ၊ မီးရှုးမီးပန်းများ၊ အရုပ်များဖြင့် အထူးရွှင်မြူးကြ သကဲ့သို့ အပျို၊ လူပျိုတို့မှာလည်း သီတင်းကျွတ်လျှင် ထိမ်းမြားမင်္ဂလာဆောင်နှင်း နိုင်တော့မည်ဖြစ်၍ ၀မ်းသာမဆုံး ရှိကြကုန်၏။ ထို့အတူ ကန်တော့ခံ ဘိုးဘိုး၊ ဘွားဘွား၊ ဦးဦး၊ ဒေါ်ဒေါ်၊ လူကြီးသူမတို့မှာလည်း တပည့်၊ သား၊ မြေးတို့အား ဆုများ ပေးကာ ကြည်နူးချမ်းမြေ့စွာရှိကြသောကြောင့် ထူးကဲသည့် မင်္ဂလာအချိန် အခါလည်း ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
    (ကျွန်တော်တို့ ဌာနေတွင်လည်း မြတ်စွာဘုရားအမှူးပြုသော ရတနာသုံးပါးအား သစ်သီးဆွမ်း ကပ်လှူပူဇော်ပြီး ကြက်သားကြာဇံချက်၊ သီးစုံအအေးတို့ဖြင့် ကျွေးမွေးကုသိုလ်ပြုပါကြောင်း မှတ်တမ်းတင် ဖေါ်ပြအပ်ပါသည်။)
    Wednesday, October 24, 2007
    ကော်ဖီသောက်တိုင်းလွမ်းတယ်
    ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ရဲ့မွေးနေ့ပွဲဆိုတော့ ကောင်လေး၊ ကောင်မလေးတွေ စုစုဝေးဝေး ပျော်ပျော်ပါးပါး၊ စားကြသောက်ကြ၊ စကားပြောကြ နဲ့ ဆူညံနေပါတယ်။ အဲဒီအချိန်မှာ ချောချောလှလှ ကောင်မလေးတစ်ယောက်ဝင် လာတော့ ကောင်လေးတွေက စိတ်ဝင်တစား လှမ်းကြည့်လိုက်ကြတယ်။ ထိုင်စရာ ရှာနေတဲ့ကောင်မလေးကိုမြင်ရတဲ့ ကောင်လေးတစ်ယောက်က ထပြီး သူ့စားပွဲမှာ ထိုင်ဖို့နေရာပေးတော့ ကောင်မလေးက ရှက်ရွံ့ရွံ့နဲ့ ၀င်ထိုင်ပါလေရဲ့။ သည်တော့ မှပဲ ကောင်လေးလည်း မလုံမလဲနဲ့ ရှက်ကိုးရှက်ကန်း ဖြစ်သွားတာပေါ့။ ဒီအချိန် မှာပဲ စားပွဲထိုးတစ်ယောက်က သူတို့နှစ်ယောက်ရှေ့မှာ ကော်ဖီခွက်လေးတွေ လာ ချပေးတယ်။ တစ်ယောက်မျက်နှာတစ်ယောက် မကြည့်ရဲဘဲ ကော်ဖီခွက်လေးတွေ ငုံ့မွှေရင်း ကောင်လေးက အနားမှာရှိတဲ့ စားပွဲထိုးလေးကို “ဆားနည်းနည်းပေးပါ” လို့ တောင်းလိုက်တယ်။ ကောင်မလေးအဖို့ အံ့အားသင့်ပြီး ကောင်လေးကို မော့ ကြည့်မိလေရဲ့။ ပြီးတော့ ကော်ဖီခွက်ထဲ ဆားထည့်မွှေနေတဲ့ကောင်လေးကို ကောင်မလေးရော၊ အနားကလူတွေကပါ အထူးအဆန်းလို ၀ိုင်းကြည့်နေကြတယ်။ ကောင်လေးက ကော်ဖီခွက်ကို ရှက်ရှက်နဲ့ပဲ မော့သောက်လိုက်ပါတယ်။ ဒီအချိန် မှာပဲ ကောင်မလေးက စူးစမ်းရင်း စပ်စုလိုက်တယ်။
    “ကော်ဖီကို ဒီလိုပဲ သောက်တတ်သလား ဟင်….” တိုးတိုးလေးမေးတာပါ။
    ခေါင်းငုံ့ရင်း ကောင်လေးက ခပ်ဆိုင်းဆိုင်းလေး ပြန်ပြောတယ်။
    “ကျွန်တော့်မွေးရပ်မြေက ပင်လယ်ကမ်းစပ်ဆိုတော့ ပင်လယ်ရေထဲမှာပဲ ဆော့ ကစားကြီးပြင်းခဲ့တယ်လေ။ မွေးရပ်မြေနဲ့ဝေးတဲ့အခါမျိုး၊ အမေ၊ အဖေနဲ့ ရွာကို တမ်းတမိတဲ့အခါမျိုးမှာ ပင်လယ်ရေနဲ့အရသာတူတဲ့ ကော်ဖီငန်ငန်လေးကို အလွမ်းပြေ သောက်တာပါ။”
    ကောင်လေးကဖြေရင်း ခေါင်းမော့ပြီး ကောင်မလေးကို စူးစူးရဲရဲကြည့်လိုက်တယ်။ အလို သူ့မျက်လုံးတွေမှာ မျက်ရည်တွေဖုံးလို့ပါလား။ ကောင်မလေးမျက်နှာမှာ ရင် ထဲက ကရုဏာ၊ သနားစိတ်တွေ ထင်ဟပ်သွားပါတယ်။ မြင်လျှင်မြင်ချင်း ချစ်မိ လိုက်တဲ့ကောင်လေးနဲ့ တွေ့တွေ့ချင်း စာနာစိတ်တွေ ပေါက်ဖွားသွားတဲ့ ကောင် မလေးတို့ မေတ္တာမျှသွားခဲ့ကြတာ မထူးဆန်းဘူးလို့ ဆိုရမှာပေါ့။ သူတို့နှစ်ယောက် တတွဲတွဲ ဈေးဝယ်ကြ၊ ဘုရားသွားကြနဲ့။ ဒီလိုနဲ့ သံယောဇဉ်လေးတွေ ငြိတွယ်လာ တော့ ရာသက်ပန်အတူနေဖို့ လက်ထပ်မင်္ဂလာပြုခဲ့ကြပါတယ်။
    ချစ်သူ ဘ၀မှာရော၊ အကြင်လင်မယားဘ၀မှာပါ ကောင်မလေးက ကောင်လေး အတွက်၊ ကော်ဖီသောက်တိုင်း ဆားထည့်ထည့်ဖျော်လေ့ရှိပါတယ်။ ကောင်လေး မသောက်ခင် ကော်ဖီကိုမြည်းတိုင်း ငန်လို့ ကောင်မလေး မျက်နှာဟာ ရှုံ့ရှုံ့သွားရ စမြဲပါ။
    ကြာခဲ့ပါပြီ ...
    ဟိုးအရင်တုန်းကကောင်မလေးဟာ အခုတော့ ငါးဆယ်ကျော် ခြောက်ဆယ်နီးပါး အဘွားအရွယ် ရောက်ခဲ့ပါပြီ။ သူ့လက်မှာ စာတစ်စောင်ကိုင်ပြီး ဖတ်နေပါတယ်။ မျက်လုံးအစုံမှာလည်း မျက်ရည်စတွေနဲ့။
    “မောင် ဘ၀မကူးခင် အမှန်ကိုဝန်ခံပါရစေ။ မ.. ကို စတင်မြင်တွေ့စနေ့က မြင် လိုက်တာနဲ့ သူများတကာထက် ဦးအောင် ဖိတ်ခေါ်မိခဲ့တယ်။ သကြားနဲ့ဆားမှားပြီး ရှက်ရှက်နဲ့ တောင်းမိတယ်။ အလွန်အင်မတန် အရသာဆိုးတဲ့ ကော်ဖီငန်ငန်ကို မောင်လုံးဝမကြိုက်ပါဘူး။ ဒါပေမယ့် မ.. ကိုစတွေ့တဲ့ အချိန်ကစပြီး ဒီကော်ဖီငန် ငန်ကို မောင်တစ်သက်လုံး သောက်ခဲ့ရတယ်။ ဒီအတွက် စိတ်မကောင်းမဖြစ်သလို၊ နောင်တလည်းမရမိပါဘူး။ မ.. နဲ့ဆုံခဲ့၊ အတူနေခဲ့ရတဲ့ အချိန်တွေဟာ အပျော်ဆုံး အချိန်တွေမို့ပါ။ နောင်ဘ၀မှာ မ.. နဲ့ပြန်ဆုံဖို့အတွက် ဒီကော်ဖီငန်ငန်တွေ သောက် ရမယ်ဆိုရင်လည်း မောင်သောက်အုံးမှာပါ။”
    စာဖတ်အပြီးမှာ သူမရဲ့မျက်လုံးအစုံက မျက်ရည်စတွေဟာ စာရွက်ပေါ်ကို ကြွေ လွင့်သွားပါတယ်။ မျက်ရည်ကို အသာအယာသုတ်ရင်း စားပွဲထိုးကို “ဆား နည်းနည်းလောက်” လို့ လှမ်းမှာလိုက်ပါတယ်။ စားပွဲထိုးက ဆားပုလင်းလေး လာ ပေးပါတယ်။ ဆားပုလင်းထဲက ဆားလေးတွေကို ကော်ဖီခွက်ထဲထည့်ပြီး ဇွန်း နဲ့မွှေလိုက်တယ်။ နောက် ကော်ဖီခွက်ကို နှုတ်ခမ်းတေ့ပြီး သောက်လိုက်ပါတယ်။ စားပွဲထိုးလေးက အံ့အားသင့်ဟန်ကြည့်ပြီး “ဘယ်လိုနေလဲ အန်တီ” လို့မေးတော့ မျက်ရည်ဝေ့နေတဲ့ မျက်လုံးနဲ့ ပြုံးပြီး ပြန်ဖြေလိုက်ပါတယ် -
    “သိပ်ချိုတာပါပဲကွယ်” တဲ့...
    http://www.myanmarpyithar.net/ မှာ မဇာလေးရေးထားတဲ့ ကော်ဖီငန်ငန် ဆိုတာကို သဘောကျလို့ ကျွန်တော့် Blog မှာ ပြန်တင်လိုက်တာပါ ...
    Saturday, October 20, 2007
    တစ်ချက်တည်း ကျင်းဝင်သွားခြင်း
    တစ်ခုသောညနေခင်းမှာ
    ကမ္ဘာကျော်လူရွှင်တော်ကြီး တော်တင်နီကေးဟာ
    သူရဲ့ မိတ်ဆွေအပေါင်းအသင်းများနဲ့အတူ
    ဂေါက်ကွင်းမှာ ဂေါက်ရိုက်ကစားနေခဲ့ပါတယ်။
    ကျန်းမာရေးအတွက်သာ ဂေါက်ရိုက်ခြင်းဖြစ်ပြီး
    ကျွမ်းကျွမ်းကျင်ကျင် မကစားတတ်လို့
    အလွဲလွဲအချော်ချော်ဖြစ်နေတဲ့ တော်တင်နီကေးရဲ့ဂေါက်ရိုက်ချက်တွေကို
    သူ့မိတ်ဆွေများက လှောင်ပြောင်ကြတဲ့အပြင်
    ပရိသတ်တွေရှေ့မှာဖြစ်တာကြောင့် သူ့ကို ပိုပြီးအရှက်ရစေပါတယ်။
    ဒီလိုနဲ့ ဂေါက်သီးရိုက်ပြီး ရက်အနည်းငယ်အကြာမှာတော့
    တော်တင်နီကေးဟာ သူ့အိမ်မှာ ပါတီပွဲကြီးတစ်ခု
    အကြီးအကျယ်ကျင်းပပါလေရော။
    ဒီပွဲကို သူ့ဂေါက်ရိုက်ဖေါ်မိတ်ဆွေတွေကိုလည်း ဖိတ်တာပေါ့။
    ကမ္ဘာကျော်ဟာသလူရွှင်တော်ကြီးရဲ့ ပါတီပွဲဖြစ်လို့
    လူလည်း အင်မတန် စည်ကားပါတယ်။
    ပွဲစလို့ဧည့်ပရိသတ်တွေစုံတာနဲ့ တော်တင်နီကေးက
    ပါတီပွဲကိုတက်ရောက်လာတဲ့ မိတ်ဆွေအပေါင်းကို
    တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေပါတယ်။
    ဟာသသရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်တဲ့အပြင်
    အဆိုလည်း ကောင်းတာမို့ အားပေးကြတဲ့ လက်ခုပ်သံတွေက တဖြောင်းဖြောင်း။
    ခဏနေတော့ တော်တင်နီကေးက သူ့ရဲ့မိတ်ဆွေတွေကို
    (သီဆိုဖျော်ဖြေဖို့) စင်မြင့်ပေါ်ကို ဖိတ်ခေါ်လိုက်ပါတယ်။
    ဘာမသိ ညာမသိနဲ့ စင်ပေါ်ကိုရောက်လာတဲ့
    တော်တင်နီကေးရဲ့ (ဂေါက်ရိုက်ဖေါ်) မိတ်ဆွေတွေဟာ
    အတွေ့အကြုံမရှိတဲ့အတွက်ရော၊ လုပ်နေကျ အလုပ်မဟုတ်တာရော၊
    များပြားလှတဲ့ပရိသတ်အရှိန်ကြောင့်ပါ
    သီချင်းတစ်ပုဒ်ကိုတောင် ပီပြင်အောင်မဆိုနိုင်ဘဲ
    အိုးနင်းခွက်နင်းနဲ့ မျက်စိပျက် မျက်နှာပျက်ဖြစ်ပြီး
    စင်ပေါ်ကဆင်းပြေးကြပါလေရော။ အောက်က ပရိတ်သတ်တွေကလည်း
    ဒီတော့မှ တော်တင်နီကေးက သူ့ရဲ့ ဂေါက်ရိုက်ဖေါ်မိတ်ဆွေတွေကို
    “မိတ်ဆွေတို့၊ အခု မိတ်ဆွေတို့ ကျွန်တော့်ရဲ့ဂေါက်ကွင်းကို ရောက်နေပါပြီ”
    ဆိုတဲ့စကားနဲ့
    တစ်ချက်တည်း ကျင်း ၀င်အောင် ရိုက်ပြလိုက်ပါတယ်။
    Thursday, October 18, 2007
    သားသားပေးတဲ့အတွေးသစ်
    အိုမင်းရင့်ရော်နေပြီဖြစ်တဲ့ အဘိုးဟာ သား၊ ချွေးမနဲ့ လေးနှစ်အရွယ် လူမမယ်မြေး ကလေးတို့နဲ့ အတူနေထိုင်ပါတယ်။ အဘိုးရဲ့ တုန်ရီနေတဲ့လက်၊ မကြည်လင် ဝေသီမှုံဝါးနေတဲ့အမြင်၊ မသန်စွမ်းတော့ပြီမို့ ပုံမှန်လမ်းမလျှောက်နိုင်တဲ့ခြေလှမ်းတွေ ဟာ နှုံ့နှေးတုံ့ဆိုင်းလို့နေပါတယ်။ စားပွဲပေါ်မှာ မိသားစုအတူတူ ထမင်းစားတဲ့အခါ လက်ကလည်း ကတုန်ကရီ၊ မျက်လုံးကလည်း မမြင်စမ်းတ၀ါးမို့ အဘိုးအတွက် စားရသောက်ရတာ အလွန်ပဲ ခဲယဉ်းလွန်းပါတယ်။ ပဲစိမ်းလုံးလေးတွေ အဘိုးရဲ့ ဇွန်းပေါ်က လိမ့်လိမ့်ပြီး ကြမ်းပြင်ပေါ်ကိုကျတာလည်း ခဏခဏပါ။ ဖန်ခွက်ကို လှမ်းယူရင်း စားပွဲခင်းလှလှပေါ် နို့တွေဖိတ်စင်ကျလိုကျ။ သားနဲ့ချွေးမမှာ တော် တော်လေး စိတ်အနှောင့်အယှက်ဖြစ်လာပါတော့တယ်။ "အဘိုးအတွက် တစ်ခုခု စီစဉ်မှ ဖြစ်လိမ့်မယ်" လို့ သားကပြောတယ်။ "နို့တွေက ဖိတ်လိုဖိတ်၊ စားစရာတွေ ဖိတ်ကျလိုကျ၊ ဇွန်းခရင်းတွေကလည်းလွတ်ကျနဲ့ အစားစားရင် ဆူညံနေတာဘဲ၊ ကြာလာတော့ မခံနိုင်တော့ဘူး" ဒါကြောင့်ပဲ ထမင်းစားခန်းထောင့်မှာ အဘိုး အတွက် စားဖို့စားပွဲငယ်လေးတစ်ခု စီစဉ်ပေးလိုက်ပါတယ်။ အဘိုးကို တစ်ကိုယ် တည်း သီးသန့်စားစေပြီး၊ ကျန်မိသားစုကတော့ ပျော်ပျော်ပါးပါး အတူလက်ဆုံစား လို့ပေါ့။
    အဘိုးကြောင့် ကြွေပန်းကန်နှစ်ချပ်လောက်ကွဲထားပြီးပြီမို့၊ သစ်သားပန်းကန်လုံးနဲ့ သာ အဘိုးကိုထမင်းကျွေးပါတယ်။ အဘိုးဆီလှမ်းကြည့်လိုက်ရင် အဘိုးရဲ့ မျက်လုံးအိမ်မှာ မျက်ရည်စတွေရစ်ဝိုင်းနေတာ မကြာမကြာ တွေ့ရတတ်ပါတယ်။ အဘိုးဆီးကအသံဆိုလို့ စူးရှကျယ်လောင်တဲ့ ဇွန်းခရင်းကျသံနဲ့ စားစရာဖိတ်ကျသံ သာ ပုံမှန်ကြားရပါတယ်။ မြေးငယ်လေးကလည်း အဘိုးနဲ့ အဖေအမေတို့ကို တစ်ခွန်းမှမဟဘဲ ကြည့်လို့သာနေပါတယ်။ တစ်ညနေ ထမင်းမစားခင်မှာ အဖေ လုပ်သူက သားငယ်လေး ကြမ်းပြင်ပေါ်မှာ သစ်သားအပိုင်းအစကလေးတွေနဲ့ ကစားနေတာ တွေ့လို့ ချိုကြည်ကြင်နာစွာပဲ "ငါ့သားက ဘာလုပ်နေတာလဲကွ" လို့ မေးလိုက်ပါတယ်။ "သားက သစ်သားပန်းကန်လုံးလေး နှစ်လုံးလုပ်နေတာ ဖေဖေ ရ၊ သားကြီးလာတဲ့အခါ ဖေဖေတို့ မေမေတို့ ထမင်းစားဖို့လေ" လို့ ကြည်ကြည် ရွှင်ရွှင်ဖြေရင်း၊ သားငယ်လေးက သူ့အလုပ်သူဆက်လုပ်နေပါတော့တယ်။
    သားငယ်လေးရဲ့ အဖြေကြားရင်ပဲ အဖေနဲ့ အမေတို့မှာ ဘာမှပြန်မပြောတတ် အောင်ပါပဲ။ မျက်ရည်တွေသာ အလိုလို ကျလာပါတော့တယ်။ စကားတစ်ခွန်းမှ မဆိုဖြစ်ကြပေမယ့် ဘာလုပ်သင့်တယ်ဆိုတာ သူတို့နှစ်ယောက်စလုံးရဲ့ ရင်ထဲ၊ အသည်းထဲမှာ အလိုလို နားလည်လိုက်ကြပါပြီ။ ညနေရောက်တော့ ဖခင်လုပ်သူ က အဘိုးလက်ကိုကိုင်ပြီးတော့ ထမင်းစားခန်းက မိသားစုထမင်းစားပွဲဆီကို ညင် ညင်သာသာ တွဲခေါ်လာပါတယ်။ ထိုနေ့ကစပြီး မိသားစုထမင်းဝိုင်းမှာပဲ အဘိုး နေ့စဉ် ထမင်းစားပါတယ်။ ဇွန်းခရင်းတွေကျ၊ နို့တွေဖိတ်၊ စားပွဲခင်းတွေပေကျံကုန် တဲ့အတွက်ကြောင့် သားနဲ့ချွေးမက အရင်ကလိုစိတ်မကျေမနပ် မဖြစ်တော့ပါဘူး။
    ကလေးငယ်တွေဟာ လောကကို ရှုမြင်သုံးသပ်အတုယူတဲ့နေရာမှာ အလွန်ထူးချွန် ပါးနပ်ကြပါတယ်။ မျက်လုံးလေးဖွင့် ကြည့်ရှုလေ့လာနေသလို၊ နားကလေးစွင့် မှတ်သားနာယူပြီး မြင်သမျှကြားသမျှကို သူတို့ရင်ထဲမှာ သိမ်းဆည်းထားမှာပါ။
    Dr. Neil Chadwick - The Grandfather
    ကို ဆီလျော်အောင် ဘာသာပြန် ဆိုပါသည်။
    Tuesday, October 16, 2007
    ယောက်ျားတစ်ယောက်ရဲ့ဖြစ်တည်မှု
    တစ်နေ့ . . . မမယ်မ က ကျွန်တော့်ကို ထူးထူးဆန်းဆန်း (ကျွန်တော် မျှော်လင့် မထားလို့ထူးဆန်းတာ လည်းဖြစ်နိုင်ပါသည်) မေးလာတယ် - “မိန်းကလေးဆိုတာ သိပ်ထက်လွန်းရင် ဆွဲဆောင်မှုမရှိတော့ဘူးဆိုတာ ဟုတ်လား” တဲ့ . . .။ ဒီလိုမေး တော့ ကျွန်တော်ပြုံးမိတာအမှန်။ ဘယ်သူ့အတွက် ဆွဲဆောင်မှုတွေ မရှိတော့မှာ ကြောက်နေတာလဲ မမယ်မရယ် ဟု ပူပန်စွာတွေးမိသည်။ အမှန်အတိုင်း ပြောရရင် ကျွန်တော် တိတိပပ မဖြေတတ်။ စောင်းကြိုးကဲ့သို့ မတင်းလွန်း၊ မလျော့လွန်း သော မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ်နှင့်အညီ အစွန်းနှစ်ဘက်လွတ်အောင် နေထိုင်ရမည်ဆိုသည့် မြတ်ဗုဒ္ဓ၏အဆုံးအမအတိုင်း ပြုမူကျင့်ကြံဆောင်ရွက်သင့် ကြောင်း ကျွန်တော်သိသလောက်၊ ဥာဏ်မှီသလောက် မမယ်မကို ပြောပြမိသည်။
    ကျွန်တော့် အမြင် - အရမ်းထက်လွန်း၊ သွက်လွန်းသော မိန်းကလေးတစ်ယောက် အတွက် လော်မာသည်၊ မောက်မာသည်၊ ပွေလီသည် စသည်ဖြင့် ပြောဆိုခံရ ရုံမှလွဲ၍ အများ၏ချစ်ခင်မှု့ကို မရနိုင်သကဲ့သို့၊ မြည်းတစ်ကောင်ကဲ့သို့ ထုံပေပေ နိုင်လွန်းပြီး တက်ကြွမှု့မရှိသောမိန်းကလေးမျိုးကိုလည်း မည်သူမျှ စိတ်ဝင်စား မည်မဟုတ်ပေ။ ဤနေရာတွင်ပြောလိုသည်မှာ ရှေးဘ၀အတိတ် ကုသိုလ်ကံ ကြောင့် ရုပ်ဆင်းရူပကာ တင့်တယ်လှပသည့်အတွက် ဆွဲဆောင်မှုရှိသည့် မိန်း ကလေးပင်ဖြစ်လင့်ကစား သိပ်ထက်လွန်းပါက မိမိအတွက်အကျိုးမဲ့ပျက်စီးရန်သာ ဖြစ်ကြောင်း မမေ့သင့်ပေ။ “လည်လွန်းသည့်ဘီး၊ ချေးသင့်သည်” ဟူသော မြန်မာ ဆိုရိုးလည်း အရှိသားပဲလေ။ မိန်းကလေးများအတွက်မှ မဟုတ်၊ ယောက်ျားလေး များအတွက်လည်း ထိုနည်း နှင်နှင်ပင်။
    မမယ်မ တို့မှာလည်း ခေတ်ကာလနှင့် အသက်အပိုင်းအခြားအရ ရင်ခုန်ရူးသွပ်ကြ သည့်အရွယ်မို့ ကျွန်တော်ဖတ်ဘူးသော ပုညခင်ဝတ္တုလေးကို ဒီလိုပြောပြရင်း .....
    (၁)
    မိန်းမတစ်ယောက်ကိုချစ်မိတဲ့အခါ တခြားဘယ်လိုခံစားချက်မျိုးကို ပူးတွဲခံစား ရလေ့ရှိပါသလဲ။ အချစ်ရဲ့နောက်မှာ တစ်ခြားခံစားမှုတစ်ခုခုလည်း ပူးတွဲဖြစ် တည်လာတတ်သည်ဟု ကျွန်တော်ထင်သည်။ ဥပမာ လေးစားမှု၊ သနားဂရုဏာ စသဖြင့်ပေါ့ . . . ။
    ကျွန်တော်ကတော့ သူမကို ချစ်သည့်အချစ်နှင့်အတူမနာလိုမှုကိုပါ ပူးတွဲခံစားရပြီး ကိုယ့်ကိုယ်ကိုလည်း သိမ်ငယ်စိတ်တွေ ၀င်ခဲ့ရသည်။ ကျွန်တော့်ကို အဲဒီလို ဖြစ်အောင်လုပ်သည့် တရားခံကတော့ သူမကိုယ်တိုင်ပဲဖြစ်သည်။
    တကယ်ဆို သူမသိပ်တော်နေဖို့ မကောင်းပါ။ မိန်းမဆိုတာ နည်းနည်းလေးတော့ ညံ့ဦးမှပေါ့။ ဒါမှလည်း ကျွန်တော်တို့ ယောက်ျားတွေမှာ ဖေးမခွင့်ရနိုင်သည်။ ကိုယ့်ထက်ညံ့သည့် မိန်းမတစ်ယောက်ကို ဖေးမ ကူညီသနားငဲ့ညှာလိုက်ရလို့ (တစ်နည်းအားဖြင့် ဆရာလုပ်လိုက်ရလို့) ခံစားလိုက်ရတဲ့ ယောက်ျားတစ်ယောက် ရဲ့ ပီတိနဲ့ဝင့်ထည်မှုကို မည်သည့်အရာနှင့်မျှ နှိုင်းဆလို့ရမည်မထင်။
    တကယ်တော့ သူမလက်ကိုင်ထားတဲ့ ဆောင်ပုဒ်ကိုက “မိန်းမတံခွန် လူရည်ချွန်၊ မိုးစွန်တမွတ် ကြယ်ကိုဆွတ်မည်” ဆိုတာမျိုးဖြစ်သည်။ သူမက သူမလိုချင်သော ဘယ်အရာကိုမှ (အချစ်တစ်ခုကလွဲပြီး) ကျွန်တော့်ထံမှ မတောင်းဆိုခဲ့ဘူးချေ။ ပြီး တော့ ဘယ်ကိစ္စမှာမှ ကျွန်တော့်ကိုမှီခိုဖို့ မစဉ်းစားချေ။ ဘတ်စ်ကားတိုးစီးကြ လို့များ ကျွန်တော်က သူမကို ဖေးမဆွဲခေါ်ဖို့လက်ကမ်းလျှင် သူမက ကျွန်တော့် လက်ကို မမြင်၊ ဘတ်စ်ကားလက်ကိုင်တန်းကိုဆုပ်ကာ ကားပေါ်လွှားခနဲ အရင် ရောက်သွားနှင့်ပြီးမှ . .
    “ကိုရေ . . လာလာ.. ဒီဘက်ကို၊ ဒီဘက်မှာ နေရာရှိတယ်။ ဒီမှာထိုင်” ဟု ကျွန်တော့်ကို လှမ်းဆွဲခေါ်ကာ တစ်ခုတည်းသောခုံလွတ်မှာ ကျွန်တော့်ကို ထိုင် ခိုင်းလေသည်။ သူမအဲဒီလိုလုပ်လျှင် အနားကလူတွေ က ကျွန်တော့်ကို အားနွဲ့ သူအလား အထင်မှားကာ ပြုံးစေ့စေ့လှမ်းကြည့်ကြသည်။ ကျွန်တော့်မှာ မျက်နှာ ကို ဘယ်သွားထားရမှန်းတောင် မသိတော့။
    “ကို လာထိုင်လေ”
    သူမက အလိုက်မသိလှမ်းခေါ်ပြန်လျှင် ကျွန်တော်က မျက်နှာထားကို တင်းကာ . .
    “မင်း . . ထိုင်”
    “အို . . ကိုပဲထိုင်ပါ။ ကျွန်မက အပင်ပန်းခံနိုင်တယ်၊ ကိုသာ ကြာကြာရပ်စီးရရင် ညောင်းတယ်၊ မူးတယ် ဖြစ်လာတတ်တာ။ လာထိုင်ပါ ကိုရဲ့”
    “မထိုင်ဘူးကွာ . . ”
    “ဘာဖြစ်လို့လဲ . .”
    ကျွန်တော်က အလိုက်ကန်းဆိုးမသိသော သူမနားနားကပ်ကာ ခပ်ကျိတ်ကျိတ် ပြောရသည်မှာ . .
    “ငါက ယောက်ျားကြီးလေကွာ၊ ယောက်ျားကြီးတန်မဲ့ ခုံလုထိုင်ပြီး မင်းကငါ့နား ရပ်နေတာ အဓိပ္ပါယ် ရှိလို့လား . . ။ အဲဒီလိုလုပ်လိုက်ရင် ငါဘယ်လောက် အောက် သွားမယ်ဆိုတာ မင်းနားမလည်ဘူးလား။ ဟိုမှာ လူတွေလည်း ကြည့်နေတဲ့ဥစ္စာ”
    “သြော်.. ကိုက ဘတ်စ်ကားစီးတဲ့နေရာမှာတောင် ကျား၊ မ ခွဲခြားမှုရှိသလား။ ကျွန်မစိတ်ထဲတော့ ယောက်ျားမို့လို့ အနစ်နာခံရမယ်။ မိန်းမမို့လို့ အသာစီး နေရမယ်ဆိုတာမျိုး မရှိပါဘူး။ ကိုယ်ချစ်တဲ့သူ ပင်ပန်းမှာစိုးရင် ဦးစားပေးလိုက် တာပဲလေ”
    “မင်းလဲသေလိုက်” ဟု ကျွန်တော် အော်ပြောလိုက်ချင်သည်။
    သူမကတော့ အဲဒီလိုကိစ္စလေးတွေမှ အစပြုကာ ယောက်ျားတစ်ယောက်ရဲ့ အခန်းကဏ္ဍပျောက်ဆုံးအောင် နည်းအမျိုးမျိုးဖြင့် လုပ်ဆောင်လျက်ရှိသည်။ တစ် နေရာရာကိုအတူသွားကြလို့ ရေသောက်ချင်လျှင် ရေသန့်ဗူးပြေးဝယ်သူက သူမ ဖြစ်၏။ ရေသန့်ဗူးဖေါက်ပေးသူကလည်း သူမပင်။ သူမငှားနေသည့်အိမ်မှာ မီး ချောင်းဆင်တာ၊ မီးဖိုပြင်တာ၊ ဖြူးပျက်တာစသည့်ကိစ္စအ၀၀ကို သူပဲသိ၊ သူပဲ တတ်ဖြစ်အောင် လေ့လာထားကာ ကိုယ်တိုင်လုပ်ဆောင်တတ်သေးတာမို့ ကျွန် တော့်မှာ အသေးအမွှားကစလို့ ဘာကလေးမှ လက်စွမ်းပြကူညီခွင့်မရချေ။ သူမ ရှေ့မှာ “ကိုယ် ဘာကူညီရမလဲဟင်”၊ “အကူအညီလိုရင် ကိုယ့်ကိုပြောနော်” ဟု သွားပြောလို့ကတော့ ကိုယ်သာ ငပေါကြီး ဖြစ်သွားပေမည်။
    သူမက အလုပ်ကို မနားတမ်းလုပ်နိုင်သူလည်းဖြစ်သည်။ သင်တန်းပေါင်းစုံတက်ရ၊ အချိန်ပိုင်းအလုပ်၊ အချိန်ပြည့်အလုပ်နှင့်၊ ဒီကြားထဲ စိန်ပွဲစား၊ ကားပွဲစားဆိုတာမျိုး ကြုံရင်ကြုံသလိုလုပ်သေးသည်။ ပင်လည်း ပင်ပန်း၊ အိပ်ရေးတွေပျက်ကာ မျက် ကွင်းဟောက်ပက်ကျနေလို့ ချစ်သူရှေ့မှာ အလှပျက်နေမှာကိုလည်း မစိုးရိမ် တတ်ချေ။ ပြီးတော့ သူမက ချုံးချုံးကျနေသော အခြယ်အသကင်းသည့် မျက် နှာနှင့် ကျွန်တော့်ကိုပြောသေးသည်။
    “ကိုရေ .. ကျွန်မတို့လက်ထပ်တဲ့အချိန်ကျရင် တိုက်ခန်းလေးတစ်ခန်းတော့ အပိုင် ရှိမှဖြစ်မှာ သိလား၊ အဲ့ဒါကြောင့် ကျွန်မအရမ်းကြိုးစားနေတာ။ ကျွန်မ ပိုက်ဆံ စု ထားတာလည်း တော်တော်များနေပြီ။ ပွဲခ ဆိုတာ အမြဲမရနိုင်ပေမယ့် ရရင်လည်း မြိုးမြိုးမြက်မြက်ပဲမဟုတ်လား။ သိပ်မကြာခင် ကိုယ်ပိုင်စီးပွားရေးလေး တစ်ခုတော့ စ မှဖြစ်မယ်။ သူများဝန်ထမ်းချည်းလုပ်နေရင် ကြီးပွားဖို့လမ်း မမြင်ဘူး”
    သူမကအဲဒီလိုပြောတော့ ကျွန်တော်ဆိုတဲ့ယောက်ျားတစ်ယောက်က ဘာသွားလုပ် ရမည်နည်း။ သူမက ကျွန်တော်နဲ့လက်ထပ်ပြီးတဲ့အခါ သူမကပဲ လုပ်ကိုင်ရှာဖွေ ကျွေးမွေးတာဝန်ယူတော့မည့်ပုံမျိုး အရာရာကို စွမ်းဆောင်ပြချင်နေသည်။
    တကယ်လည်ုးစွမ်းဆောင်နိုင်သူကြီးမို့ သိပ်မကြာခင် ဂျပန်ဒိုမက်စတစ်တီဗွီတွေကို ဈေးသက်သက်သာသာနှင့်ဝယ်ကာ ရပ်ကွက်ထဲမှာ တီဗွီဂိမ်းဆိုင်၊ စာအုပ်ဆိုင်၊ ခွေ ငှားဆိုင်လေးဖွင့်! တဖြည်းဖြည်းကြီးမားကျယ်ပြန့်လာကာ အခုဆို အင်တာနက် ကဖေးဆိုင်လေးပါ ဖွင့်နိုင်သွားပြီဖြစ်သည်။ သူမက အောင်မြင်လေ၊ တော်လေ၊ ထက်လေ ကျွန်တော့်မှာ သိမ်ငယ်စိတ်ကိုခံစားရလေ ဖြစ်ခဲ့သည်။ ကျွန်တော့် ပတ် ၀န်းကျင်ကလည်း သူမကိုသာ ချီးမွမ်းစကားတွေ တွင်တွင်ပြောလျက်ရှိသည်။
    “ခင်ယုယက အရမ်းထက်တယ်နော်၊ ဒါတောင်မှ သူကနယ်က တက်လာရတာတဲ့။ နယ်ကမို့လို့သာပဲ”
    အဲဒီလိုအပြောမျိုးတွေကလည်း ကျွန်တော့်မာနနဲ့ သိက္ခာကို ထိခိုက်လျက်ရှိသည်။ ကျွန်တော်ကဖြင့် မိဘအသိုက်အ၀န်းတောင့်တဲ့ ရန်ကုန်သားသာဆိုတယ်။ ခု အရွယ်ထိ ဘာမှဟုတ်တိပတ်တိဖြစ်မလာသေး။ တစ်နေ့တစ်နေ့ ထမင်းချိုင့် ကလေးဆွဲကာ ရုံးတက်နေရတုန်း။ အားရင် သူငယ်ချင်းတွေနှင့် လက်ဖက်ရည် ဆိုင်ထိုင်ကာ ဟိုးဟိုးဟားဟားအပြောများတုန်း၊ ကျွန်တော့်ရဲ့ညတွေကို ဘောလုံး ပွဲတွေက ၀ါးမျိုထားတုန်း။ ကျွန်တော့်မိဘတွေက စီးပွားရေးလုပ်ငန်း လုပ်ဖို့ အရင်းအနှီးထုတ်ပေးမည်ပြောလည်း ကျွန်တော်က လုပ်ချင်ကိုင်ချင် ဦးဆောင် ချင်စိတ်မရှိတာမို့ ငြင်းပယ်မိတုန်း။ အဲဒီလို ကျွန်တော်က ဘ၀ကို ၀ါးတားတား ဖြတ်သန်းနေချိန်မှာ သူမရဲ့ဘ၀ကတော့ တဖြည်းဖြည်း ထင်းလင်းတောက်ပ လာ ခဲ့ပြီဖြစ်သည်။
    အမြဲတမ်း မျက်နှာကလေး မော့ချီကာ တောက်ပစူးရှသောမျက်ဝန်းများဖြင့် လူ တကာကို လွှမ်းလွှမ်းမိုးမိုး ကြည့်တတ်သော၊ သင်တန်းပေါင်းစုံတက်ကာ ပညာ ရပ်များစွာကို လောဘတကြီးသင်ယူနေတတ်သော၊ စီးပွားရေးလာဘ်မြင် အကွက် မြင်ကာ ဘယ်ကိစ္စမဆိုလှစ်ခနဲနေအောင်ပါးသော၊ နေရာတကာ ဦးဆောင်ဦးရွက် ပြုလိုကာ တာဝန်ယူစိတ်လည်းအပြည့်ရှိသော သူမလိုချစ်သူတစ်ယောက်အနား မှာနေရသည့် ယောက်ျားတစ်ယောက်ရဲ့ဘ၀ဟာ ဘယ်လောက်ဆိုးသလဲဆိုတာ ယောက်ျားချင်းမှသာ နားလည်နိုင်ပါလိမ့်မည်။
    သူမက အောင်မြင်လေ၊ ကျွန်တော်က သိမ်ငယ်လေ။ တဖြည်းဖြည်း ယောက်ျား တစ်ယောက်ရဲ့ အခန်းကဏ္ဍမှုန်ဝါးပျောက်ဆုံးလာကာ ကိုယ့်ကိုယ်ကို သေးကျုံ့ လာသည်ဟုတောင် ခံစားရသည်။ သူမကို မိန်းမတစ်ယောက်ဟု သတ်မှတ်လို့ မရတော့သောအခါ ကျွန်တော့်ရဲ့ရင်ခုန်သံတွေလည်း ဆိတ်သုဉ်း ပျောက်ပျက် သွားရတော့သည်။
    ကျွန်တော်ကိုယ်တိုင်က သိပ်အညံ့စားလူတစ်ယောက်မဟုတ်ခဲ့ပေမယ့် သူမနဲ့ယှဉ် လိုက်တိုင်း စုတ်ပြတ်သပ်အောင် ညံ့ထွက်သွားလေ့ရှိသည်။ သူမနှင့်ယှဉ်လိုက်လျှင် သူမက ထင်းလင်းဝင်းပနေပြီး ကျွန်တော်က သေးနုပ်မှုန်ကုပ်လာသည်။
    သူမနဲ့ပက်သက်ပြီး ကျွန်တော့်မှာ ဘာတာဝန်ယူစရာမှလည်း မရှိခဲ့ပါ။ မင်္ဂလာ ဆောင်ဖို့ငွေစုစရာလည်း မလို (သူမ စုထားတာပြည့်တောင် ပြည့်တော့မည်တဲ့)။ သူမနှင့်မင်္ဂလာဆောင်ပြီး အတူနေရန် တိုက်ခန်းဝယ်ဖို့ကြိုးစားစရာလည်းမလို (သူမက အပျိုဘ၀နှင့်ပင် တစ်အိုးတစ်အိမ် ထူထောင်ထားနိုင်ပြီတဲ့)။ စီးပွားရေး အတွက် ပူပင်စရာလည်းမလို (သူမက ၀င်ငွေကောင်းသော လုပ်ငန်းတစ်ခုကို ထူထောင်အောင်မြင်နေပြီတဲ့)။ သူမကို လက်ဝတ်လက်စားဝယ်ပေးဖို့လည်းမလို (သူမက အခုကတည်းက အမြော်အမြင်ကြီးကြီးနှင့် လက်ဝတ်ရတနာတွေ ၀ယ် စုနေပြီတဲ့)။
    သူမက ယောက်ျားတစ်ယောက်ရဲ့ဖြစ်တည်မှုကို ထိုအခြေအနေများဖြင့် ဖျက်ဆီး လျက်ရှိသည်။ သူငယ်ချင်းတွေကတော့ ပြောကြသည်။
    “မင်းကွာ .. ဘယ်လောက် တာဝန်ပေါ့လဲ၊ ရယ်ဒီမိတ်ပဲ။ ဒါမျိုးရတာ မင်းရဲ့ အင်မတန်ထူးတဲ့ကံကြောင့်ပဲ”
    ကျွန်တော်ကတော့ အဲလိုမထင်ပါ။ နေမကောင်းလို့မှ ကိုယ့်လက်မောင်းပေါ် လာမှေးမှီဖို့ စိတ်ကူးမရှိသော မိန်းမတံခွန်လူရည်ချွန်မျိုးရဲ့အနားမှာ တစ်သက်လုံး နေသွားဖို့ စိတ်ကူးရင်းနဲ့တောင် စိမ့်တုန်အောင် ကြောက်လာသည်။
    ကျွန်တော်က သူမကို လမ်းခွဲစကားပြောတော့ သူမက ကြေကွဲသော်လည်း စူးရှ သော မျက်ဝန်းများဖြင့် ကျွန်တော့်ကိုစိုက်ကြည့်ရင်း မေးသည်။
    “အကြောင်းပြချက်က ဘာလဲ”
    “မင်းက ငါ့ကို ယောက်ျားတစ်ယောက်အဖြစ် ဖြစ်တည်ခွင့် မပေးခဲ့လို့ပဲ”
    (၂)
    ကျွန်တော့်ရဲ့ဒုတိယချစ်သူကတော့ အားငယ်ရိပ်သမ်းသော မျက်ဝန်းညို့ညို့လေး တွေရှိသည်။ ကျွန်တော့်အပေါ် အလုံးစုံမှီခိုကိုးစားလိုစိတ်ရှိသည်။ ဘယ်ကိစ္စမဆို မျက်နှာငယ်လေးနှင့် နောက်ယို့နေကာ ကျွန်တော့်ကိုသာ ရှေ့တန်းတင်ဦးဆောင် စေတတ်သူလည်းဖြစ်သည်။
    သူမက သူမရဲ့အိတ်ကလေးမှာ အရုပ်ကလေးပါသော သော့ချိတ်ကလေးတပ်လျှင် တောင် “ကိုကို ၀တီ မလုပ်တတ်ဘူး၊ ကိုကိုလာချိတ်ပေး” ဟု မူနွဲ့နွဲ့လေးဆိုတတ် ၏။ “ကိုကိုရေ .. ရေဆာတယ်။ ရေသန့်ဗူး သွားဝယ်ပေးကွာ” ဟု ခိုင်းတတ်၏။ ဘတ်စ်ကားတိုးစီးကြလျှင် ကျွန်တော့်အင်္ကျီစကိုဆွဲကာ နောက်မှ ယို့ယို့ကလေး လိုက်တတ်၏။ ကျွန်တော် ဦးပေးသောနေရာမှာ အပြေးအလွှား သွားထိုင်တတ်၏။ ထမင်းစားလျှင်တောင် “အရိုးကလေးနွှင်ပေးပါဦး” ဟု ဆိုတတ်၏။ သူမ လိုချင် သော အင်္ကျီ၊ ကလစ်၊ ဖိနပ်၊ အိတ်၊ ရေမွှေး အစရှိတာတွေ တွေ့ပြီများဆို ကျွန် တော့်လက်ကို အသားကုန်လှုပ်ယမ်းကာ “ကိုကိုရေ .. ၀ယ်ပေးကွာ၊ ၀ယ်ပေး ကွာ ” ဟု ပူဆာတတ်သေး၏။
    ပြီးတော့ သူမ မကြာခဏညည်းညူတတ်သည့် စကားလုံးလေးတွေကို နားထောင် ကြည့်ပါဦး။
    “ကိုကိုရေ .. ၀တီတို့လက်ထပ်ပြီးရင် ဘယ်သူ့အိမ်မှ လိုက်မနေကြေးနော်။ အိမ်ငှား ပြီးတော့လည်း မနေချင်ပါဘူး။ ၀တီတို့အခန်းပိုင်လေးနဲ့ နေရအောင်တော့ ကြိုးစား ပေးပါ ကိုကိုရယ်နော် …”
    “ကိုကိုရေ .. ဘတ်စ်ကားစီးရတာ အရမ်းပင်ပန်းတာပဲနော်။ ကိုကို့လက်ကိုဆွဲပြီး တိုးစီးနေရလို့သာ ပင်ပန်းတဲ့ဒဏ်ကို ခံနိုင်နေတာ။ နောက်မို့ဆို မလွယ်ဘူးသိလား။ ၀တီတို့ ဘတ်စ်ကားတိုးစီးရတဲ့ဘ၀က လွတ်အောင်လုပ်ဖို့က ကိုကို့တာဝန်ပဲနော်”
    “ကိုကိုရေ ၀တီ့ဘ၀မှာကိုကိုမရှိတော့ရင် ဘာဖြစ်သွားမလဲဆိုတာ တွေးတောင် မတွေးရဲဘူး သိလား။ ကိုကို့ကြောင့်သာ ဘ၀မှာ နေရကျိုးနပ်တယ် ထင်တာပဲ”
    သူမက အဲဒီလိုပြောလေ၊ ကျွန်တော့်ရဲ့ယောက်ျားဘ၀ဖြစ်တည်မှုက ပိုပြီးကြီး ကျယ်လာလေ၊ ကြိုးစားချင်စိတ်၊ တာဝန်ယူချင်စိတ်တွေ တဖွားဖွားပေါ်ပေါက် လာလေ။
    ကျွန်တော့်မှာ သူမ လိုချင်တာလေးတွေ ၀ယ်ပေးနိုင်ဖို့ ပိုက်ဆံစုရ၊ အလုပ်ကြိုးစား ရနှင့် အားကိုးရကျိုးနပ်သော ယောက်ျားတစ်ယောက်အဖြစ် ခိုင်ခိုင်မာမာ ရပ်တည် နိုင်ဖို့ ကြိုးစားခဲ့ရသည်။
    ထစ်ခနဲဆို အားငယ်ဝမ်းနည်းကာ မျက်ရည်ကလေးခိုတွဲမှီနွဲ့လာသော သူမနံဘေး က ကျွန်တော့်ရဲ့အရည်အသွေးတွေဟာ ရှိရင်းစွဲထက်ပို၍တောက်ပြောင်လာသည်။ နဂိုက သိပ်တော်လှသူမဟုတ်ပေမယ့် သူမနှင့်ယှဉ်လိုက်တိုင်း ကျွန်တော်က ဧရာမ မဟာပုဂ္ဂိုလ်ကြီး ဖြစ်ဖြစ်သွားတတ်သည်။ ဒီလိုဘ၀မှာ ကျွန်တော် တော်တော်ပျော် ပါသည်။
    ကျွန်တော် သူမနှင့် လက်ထပ်ဖို့ဆုံးဖြတ်တော့ သူငယ်ချင်းတွေက ရှုတ်ချကြသည်။
    “မင်းကောင်မလေးက ခပ်ညံ့ညံ့လေးပါကွာ။ သူ့နားနေမယ့်လူကို အမြဲဝန်ပိနေစေ မယ့်သူမျိုး”
    သူငယ်ချင်းတွေက ဘာပဲပြောပြော ကျွန်တော်ကတော့ ခပ်ညံ့ညံ့ပဲကြိုက်ပါသည်။
    x x x x x x
    ခင်ယုယ
    လူတွေက ကျွန်မကို သိပ်တော်တာပဲလို့ ပြောကြတယ်။
    တကယ်တော့ ကျွန်မကညံ့ပါတယ်။
    ကျွန်မက စီးပွားရှာတဲ့နေရာမှာသာ သိတာတတ်တာများပေမယ့် ယောက်ျား တစ်ယောက်ရဲ့စိတ်ကိုတော့ ဘာမှနားမလည်ခဲ့တဲ့ နလပိန်းတုန်းပါ။
    ကျွန်မစိတ်ထဲမှာ ချစ်သူအတွက် “စေတနာ” တွေပဲရှိတာပါ။ မပင်ပန်းစေချင်တဲ့ စေတနာ၊ ၀န်မပိစေချင်တဲ့ စေတနာတွေနဲ့ အရာရာကို ကျွန်မပဲ သိမ်းကျုံးလုပ်ရင်း ပင်ပန်းခံခဲ့မိပါတယ်။ ပိစိညှောက်တောက် ကိစ္စလေးတွေနဲ့လည်း သူ့ကို စိတ် မရှုပ်စေချင်ဘူး။ အလေးအမြတ်တန်ဖိုးထားလွန်းလို့ မဟုတ်ပါလေး၊ ဟုတ်ပါလေး ကိစ္စလေးတွေအတွက် မခိုင်းရက်ခဲ့ဘူး။ ကျွန်မနဲ့ပက်သက်လာရင် ၀န်လေးပင်ပန်း မှုတွေမပါဘဲ အချစ်ချည်းသက်သက်သာ ခံစားစေလိုတာလည်း ကျွန်မရဲ့စစ်မှန် တဲ့ စေတနာ မေတ္တာတွေပါ။
    ဒါပေမဲ့ သူက ဘာကြောင့်မှန်းမသိဘဲ ကျွန်မကို စွန့်ပစ်ထွက်ခွာသွားခဲ့တယ်။ သူ့ကို ကျွန်မက ယောက်ျားတစ်ယောက်အဖြစ် ဖြစ်တည်ခွင့်မပေးလို့ ဆိုတဲ့အကြောင်း ပြချက်နဲ့ပေါ့။
    အဲဒါဘာကို ဆိုလိုတာလဲ။
    ခုထိ ကျွန်မ စဉ်းစားမရသေးဘူး။
    အဲဒါကြောင့်ကျွန်မက ညံ့တယ်လို့ပြောတာပေါ့ …။
    x x x x x x
    ၀တီ
    လူတွေက ကျွန်မကို ခပ်ညံ့ညံ့မိန်းမလို့ ဆိုကြတယ်။ တကယ်တော့ ကျွန်မက မညံ့ ပါဘူး။ ယောက်ျား တစ်ယောက်ကို ကိုယ့်အနားမှာအမြဲရှိနေဖို့ ဘယ်လိုဆွဲဆောင် ထားရမလဲဆိုတာ ကျွန်မ ကောင်းကောင်းနားလည်တယ်။
    ယောက်ျားတွေကို ဆွဲဆောင်ထားနိုင်ဖို့အတွက် အခြေခံအချက်တစ်ချက်ပဲ လိုအပ် တယ်။ အဲဒါ သူတို့ ရဲ့အတ္တကို ဖွံ့ဖြိုးစည်ပင်လာအောင် ပြုစုပျိုးထောင်ပေးခြင်းပဲ။ ပျိုးထောင်ရမယ့် နည်းလမ်းအဖြာဖြာကတော့ . . .
    ၁။ အားကိုးတကြီး အကြည့်ကလေးတွေနဲ့ ကြည့်တတ်ရမယ်။
    ၂။ အရာရာကိုသိနားလည်ပေမယ့် ဘာမှမသိနားမလည်သယောင် ဟန်ဆောင်နေ တတ်ရမယ်။
    ၃။ ကိုယ်က ဦးဆောင်နိုင်တဲ့ကိစ္စတွေမှာလည်း သူတို့ကို ရှေ့တန်းတင်တတ်ရမယ်။
    ၄။ သူတို့ကို သွားပြီး ဆရာကြီးမလုပ်နဲ့၊ အမြင်ကတ်ခံရမယ်။
    ၅။ သူတို့က ဆရာကြီးလုပ်နေတာကိုလည်း “သိသားပဲ” စတိုင်သွားမဖမ်းနဲ့။ မသိ ချင်ယောင်ဆောင်ပြီး “ဟင်.. ဟုတ်လား”၊ “ဟယ်.. ဒီလိုလား”၊ “အို.. အစက လုံးဝ မသိဘူး” ဆိုတာမျိုး ဖော်လိုလေးတွေ လိုက်လိုက်ပေးရင်း သူတို့အတ္တကို ရေလောင်းပေးနိုင်ရမယ်။
    ၆။ ကိုယ်လုပ်တတ်တဲ့ကိစ္စတွေကို မလုပ်တတ်ဘူးပြောပြီး မကြာခဏ ခိုင်းခိုင်းပေး ရမယ်။
    ၇။ ကိုယ်ဘာသာစဉ်းစားဆုံးဖြတ်နိုင်တဲ့ကိစ္စလေးတွေကို သူတို့နဲ့ မကြာခဏ တိုင်ပင် အကြံတောင်းတတ်ရမယ်။
    ၈။ အရေးကြီးဆုံးနဲ့ နောက်ဆုံးအချက်ကတော့ ကိုယ့်ဘ၀မှာသူမရှိလို့ လုံးဝမဖြစ် ဘူးဆိုတာကို သူတို့ဦးနှောက်ထဲ အသည်းထဲစွဲနစ်နေအောင် တဖွဖွပြောနေဖို့ပါပဲ။
    ဒီလိုနည်းလမ်းတွေနဲ့ ကိုယ့်ဘ၀မှာ သူမရှိလို့မဖြစ်ဘူး၊ သူသာလျှင် အားကိုးရာ အရှင်သခင် ဆိုတဲ့အသိကို သူတို့ရင်ဘတ်ထဲ စိုက်ဝင်စွဲမြဲနေအောင် စွမ်းဆောင် နိုင်ဖို့လိုတယ်။
    ဒါ ယောက်ျားဆိုတဲ့ အမျိုးအစားတွေကို ဆွဲဆောင်ထားနိုင်မယ့် နည်းလမ်းတွေပဲ။
    အဲဒီနည်းတွေနဲ့ပဲ ကျွန်မကို စွမ်းစွမ်းတမံရှာကျွေးမယ့် ယောက်ျားတစ်ယောက်နဲ့ လက်ထပ်နိုင်ခဲ့ပြီလေ။
    အဲဒါကြောင့် ကျွန်မက မညံ့ဘူး ပြောတာပေါ့ . . . ။
    x x x x x x
    Wednesday, September 26, 2007
    အမှတ်တမဲ့မှ အမှတ်တရသို့
    တစ်ရှုးဆိုတာ လူ့အသုံးအဆောင်တွေထဲမှာ
    သေးငယ်တဲ့ အခန်းကဏ္ဍက ပါဝင်ဖြည့်ဆည်းပေးနေတဲ့ ပစ္စည်းတစ်မျိုးပါ . . .
    (တကယ်တော့ ကြီးမားတဲ့အခန်းကဏ္ဍမှာ ပါဝင်တယ်လို့လည်း ပြောလို့ရပါတယ်)
    ဥပမာ . . အိမ်သာတက်ဦးမလား၊ တစ်ရှုးလိပ်လေးတွေ ၀ယ်ထားရင် အားလုံးအဆင်ပြေတယ် . . .
    ထမင်း ဟင်း၊ အစားအသောက်တစ်ခုခုစားပြီး လက်သုတ်ပ၀ါအဖြစ်သုံးမလား
    အရောင်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့
    တစ်ခါသုံး တစ်ရှုးရွက် အထပ်လိုက်လေးတွေ ရှိတယ် . . .
    (သုံးပြီးရင် လွှင့်ပစ်လိုက်ရုံပဲ)
    ဒါတင်ပဲလား . . . မကပါဘူး
    ဘတ်စ်ကားစီးရင်း၊ နေပူထဲလမ်းလျှောက်ရင်း
    ချွေးထွက်လာရင် သုတ်ဖို့
    စတော်ဘယ်ရီ၊ လိုင်ချီး၊ လိမ္မော်၊ စပျစ်၊ ချယ်ရီ၊ နှင်းဆီ စတဲ့ ရနံ့အမျိုးမျိုးနဲ့
    ဆိုဒ်စုံ၊ ဒီဇိုင်းစုံ တစ်ရှုးအထုပ်လေးတွေလဲရှိပါသေးတယ် . . .
    များသောအားဖြင့် မိန်းကလေးတွေ၊ အမျိုးသမီးတွေ သုံးကြတာတွေ့ရပါတယ် . . .
    သဘာဝအရ သူတို့နဲ့လည်း ပိုပြီးအသုံးတည့်တယ်လေ . . .
    ချစ်သူတွေ အချစ်သင်္ကေတအဖြစ်
    နှုတ်ခမ်းအရာလေးတွေ ထင်ကျန်အောင်လုပ်ပြီး
    ပေးတတ်ကြတာလည်း ဒီတစ်ရှုးလေးတွေပါပဲ . . .
    နေရာအမျိုးမျိုးမှာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့အသုံးပြုနေကြတာ မြင်ရမှာပါ . . .
    ကျွန်တော်ကိုယ်တိုင်လည်း တစ်ရှုးလေးတွေနဲ့ ပက်သက်လို့
    အမှတ်တရလေးတွေ ရှိခဲ့ဖူးပါတယ် . . .
    ကျွန်တော့် မမယ်မ က သူသုံးနေတဲ့ တစ်ရှုးလေးတွေထဲက
    ကျွန်တော့်ကို တစ်ရွက်၊ တစ်ရွက် ပုံမှန်ပေးပါတယ် . . .
    ပျံ့သင်းတဲ့ရနံ့ရှိပေမယ့် ဘာအနံ့လည်း ကျွန်တော် မဖေါ်ပြတတ်ပါ . . .
    (ဆိုင်မှာကုန်နေရင်တောင် တစ်ခြားဟာမသုံးဘဲ၊ ဒီတစ်မျိုးတည်းကိုပဲ သူမက ရူးသွပ်တပ်မက်စွာသုံးလေ့ရှိပါတယ်)
    သူမ ပေးတိုင်းပေးတိုင်း မသုံးရက်ဘဲ စုစုထားခဲ့တာ
    အခုဆို ကျွန်တော့်ဆီမှာ တစ်ရှုးလေးတွေ တော်တော်များနေပါပြီ . . .
    (ရိုးရိုးတစ်ရှုးအဖြူရောင်သန့်သန့်လေးတွေပါ၊ ဘာသင်္ကေတ၊
    ဘာအရောင်၊ ဘာနှုတ်ခမ်းနီမှ မပါတာဟာလည်း
    ကျွန်တော့်တို့နှစ်ယောက်ရဲ့ ဖြူစင်ရှင်းသန့်မှု့ကို ဖေါ်ညွှန်းနေသယောင်)
    သူမ ပေးထားတဲ့တစ်ရှုးလေးတွေကို အထပ်လိုက်လေးပြတော့
    အံ့သြသွားလေဟန်နဲ့
    သူမနှုတ်ခမ်းနှစ်လွှာက "O" ပုံသဏ္ဍာန် ၀ိုင်းစက်သွားပါတယ် . . .
    နောက်တော့ မျက်စောင်းတစ်ချက်ခဲပြီး
    သုံးစေချင်လို့ပေးတာ၊ ဘာလို့မသုံးဘဲ သိမ်းထားတာလဲ ဆိုပြီး
    အလိုမကျဟန်နဲ့ပြောပေမယ့်
    ကျွန်တော် မသုံးရက်ခဲ့၊ မသုံးဖြစ်ခဲ့ . . .
    ရက်စွဲလေးတွေထိုးရင်း ဓါတ်ပုံအယ်လ်ဘမ်ထဲမှာ တခုတ်တရ သိမ်းဆည်းတတ်ခဲ့တာ ယနေ့အထိပါပဲ . . .
    သူမနဲ့ မဆုံဖြစ်တဲ့နေ့တွေတိုင်းမှာ
    ဒီတစ်ရှုးလေးတွေနဲ့ အဖေါ်လုပ်ရင်း . . . . . . . . . . .
    သူမက တစ်ရှုးလေးတွေ ပေးတုန်း . . .
    ကျွန်တော်လည်း အမှတ်တရသိမ်းထားတတ်တုန်း . . .
    တစ်ရှုးလေးတွေလည်း မွှေးတုန်း၊ ပျံ့တုန်း . . .
    Thursday, September 13, 2007
    ကျေးဇူးပြုပြီး . . . . .
    ဟိုးတုန်းက ... မျက်မမြင်လုံမငယ်လေး တစ် ယောက်ဟာ မျက်စိနှစ်ကွင်း အလင်းမရရှာတဲ့ အတွကသူမကိုယ်သူမ မုန်းတီးလျက်ရှိပါ တယ်။ သူမအနားမှာ အမြဲရှိနေပေးတဲ့ သူမရဲ့ ချစ်သူကောင်လေးကလွဲပြီး လူတိုင်းကိုမုန်းတီး နေသူလေးပေါ့...။ သူမသာ ကမ္ဘာလောကကြီး ကို မြင်ခွင့်ရမယ်ဆိုရင် သူမရဲ့ချစ်သူကို လက် ထပ်လိုက်မှာပဲ လို့လဲ တဖွဖွ ပြောနေလေရဲ့...။
    အဲ ... တစ်နေ့တော့ တစ်စုံတစ်ယောက်က လှူလိုက်တဲ့ မျက်လုံးတစ်စုံကြောင့် သူမဟာ သူမရဲ့ချစ်သူကောင်လေးအပါအ၀င် အရာအားလုံးကို မြင်ခွင့်ရသွားခဲ့ တယ်...။ အဲဒါနဲ့ သူမရဲ့ချစ်သူက မင်းအခု ကမ္ဘာ လောကကြီးကို မြင်နိုင်ပြီလေ၊ ငါ့ကို လက်ထပ်မှာလား လို့ မေးတာပေါ...။ ကောင်မလေးဟာ သူမရဲ့ချစ်သူလည်း မျက်မမြင်ပဲဆိုတာကို သိလိုက်တာနဲ့ ထိတ်လန့်တုန်လှုပ်သွားပြီး လက်ထပ်ဖို့ကို ငြင်းဆန်လိုက်ပါရော...။
    ဒါနဲ့ သူမရဲ့ချစ်သူကောင်လေးဟာ ၀မ်းနည်းငိုကြွေးပြီး အဝေးကိုထွက်သွားရ ရှာပါတယ်။ မကြာခင် သူက သူ့ချစ်သူကောင်မလေးဆီကို စာလေးတစ်စောင် ရေးပေးလိုက်ပါတယ်...
    ကျေးဇူးပြုပြီး ငါ့မျက်လုံးတွေကို ဂရုစိုက်ပေးပါ...
    Tuesday, September 11, 2007
    ကျွန်တော့်ဒီနေ့ Bank ကို ကိစ္စတစ်ခုနဲ့ရောက်နေတုန်း
    မမယ်မ ဆီက SMS ၀င်လာပါတယ်..
    တစ်စောင်၊ နှစ်စောင်၊ သုံးစောင်.....
    စုစုပေါင်း SMS ခြောက်စောင်တောင် ရှိသွားပါရောလား...
    ဒါပေမယ့် ဘယ်လိုမှ ပြန်လာလို့မရတဲ့ ကျွန်တော့်အတွက်တော့
    ရင်ခွင်ကို မြှားခြောက်စင်း ထိမှန်သလို
    သူမ ပို့တဲ့ SMS တွေကိုဖတ်ရင်း ............
    အပြင်မှာ မတွေ့ဘူးပေမယ့်
    ရင်မှာအချစ်ထူးပါတယ် မယ်...
    တွေ့တာမကြာသေးပေမယ့်
    မေ့မှာခဏလေးလို့တော့
    မထင်လိုက်ပါနဲ့ ...
    ရေမြေတွေခြားနေလို့
    လာမရဖြစ်နေပေမယ့်
    ထာဝရချစ်နေမှာပါ ...
    မယ့် ကိုချစ်တဲ့အချစ်ကလွဲပြီး
    ကျန်တာမဲ့တာမို့ ပြန်လာခဲ့မှာပါ . . .