About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Showing posts with label ခံစားမှု. Show all posts
Showing posts with label ခံစားမှု. Show all posts

Saturday, July 10, 2010

ယောက်ျားတွေ မိန်းမ မရခင်
ကိုယ့်အခန်း၊ ကိုယ့်ပစ္စည်းကို သပ်သပ်ရပ်ရပ် သိမ်းဆည်းတတ်တယ်။

မိန်းမရပြီးနောက်
ယောက်ျားတွေက အခန်းလည်း မသိမ်းချင်တော့ဘူး။ ပစ္စည်းတွေလည်း လျှောက်ပစ် ထားတတ်တယ်။ အမှန်က မိန်းမရပြီးလို့ သူတို့ပျင်းသွားတာ မဟုတ်ဘူး။ မိန်းမရဲ့ တစ်ဖက်က ပစ္စည်းသိမ်းရင်း၊ တစ်ဖက်က တဗျစ်တောက်တောက် ဆူဆဲနေတဲ့ အသံကို သူတို့ကြားချင်လို့ဖြစ်တယ်။ ဒါကိုပဲ ချမ်းမြေ့ခြင်းတစ်မျိုးလို့ သူတို့ထင်တယ်။

ယောက်ျားတွေ မိန်းမ မရခင်
နေမကောင်း၊ မကျန်းမမာဖြစ်ရင် ကျိတ်မှိတ်ခံတယ်။ မခံနိုင်တော့ဘူးဆိုမှ ဆေးခန်း ပြေးကြတယ်။

မိန်းမရပြီးနောက်
ယောက်ျားတွေက ချောင်းဆိုး၊ ခေါင်းကိုက်ရင်လည်း မိန်းမကိုပြောပြတတ်တယ်။ အမှန်က မိန်းမရပြီး သူတို့ပိုချွဲနွဲ့တတ်သွားတာ မဟုတ်ဘူး။ သူတို့အတွက် စိတ်ပူ၊ စိတ်လှုပ်ရှားနေတဲ့ မိန်းမတွေရဲ့ အပြုအစုကို ခံချင်လို့ဖြစ်တယ်။ ဒါကိုပဲ ချမ်းမြေ့ခြင်း တစ်မျိုးလို့ သူတို့ထင်တယ်။

ယောက်ျားတွေ မိန်းမ မရခင်
ထမင်းကို တစ်ယောက်တည်းစားတယ်။ ဘယ်သူမှ အဖော်လုပ်ပေးစရာ မလိုဘူး။

မိန်းမရပြီးနောက်
ယောက်ျားတွေက မိန်းမဆာသည်ဖြစ်စေ၊ မဆာသည်ဖြစ်စေ မိန်းမနဲ့အတူ လက်ဆုံ စားချင်ကြတယ်။ ကလေးငယ်တစ်ယောက်လို ပလုပ်ပလောင်းစားနေတဲ့ သူတို့ကို ထိုင်ကြည့်စေချင်ကြတယ်။ ဒါကိုပဲ ချမ်းမြေ့ခြင်းတစ်မျိုးလို့ သူတို့ထင်တယ်။

ယောက်ျားတွေ မိန်းမ မရခင်
ပင်ပန်း၊ မောပန်းတယ်လို့ ဘယ်တော့မှ မညည်းဘူး။

မိန်းမရပြီးနောက်
ယောက်ျားတွေက မပင်ပန်းလည်း ပင်ပန်းတယ်လို့ ညည်းတတ်ကြတယ်။ အမှန်က မိန်းမရဲ့ နူးညံ့သိမ်မွေ့တဲ့လက်နဲ့ နှိပ်နှယ်တာကို သူတို့ခံချင်လို့ဖြစ်တယ်။ ဒါကိုပဲ ချမ်းမြေ့ခြင်းတစ်မျိုးလို့ သူတို့ထင်တယ်။

ယောက်ျားတွေ မိန်းမ မရခင်
"မိန်းကလေးတစ်ယောက်ကို ချစ်တယ်ဆိုတာ သူ့အားနည်းချက်ကို ချစ်တာပါပဲ" လို့ ပြောတတ်ကြတယ်။

မိန်းမရပြီးနောက် အဲဒီစကားအတိုင်း သက်သေပြ ချစ်ပြသင့်တယ်။

ယောက်ျားတွေ မိန်းမ မရခင်
"ယောက်ျားတွေက ကတိသစ္စာတည်ရတယ်" လို့ ပြောတတ်ကြတယ်။

မိန်းမရပြီးနောက် တစ်ခါတလေ လိုအပ်ခဲ့ရင် ရိုးသားတဲ့ လိမ်ညာမှုလည်းလိုကြောင်း သိလာခဲ့ရတယ်။

ယောက်ျားတွေ မိန်းမ မရခင်
မိန်းကလေးတွေ ဘာကြောင့် မကြာခဏ မျက်ရည်ကျတတ်သလဲဆိုတာကို နားမလည်ခဲ့ဘူး။

မိန်းမရပြီးနောက် မိန်းကလေးတွေ မျက်ရည်ကျတာဟာ "သူတို့သိပ်ချစ်တဲ့လူက သူတို့ကို ထိခိုက်နာကျင်အောင်လုပ်လို့" လို့ သဘောပေါက်လာခဲ့တယ်။

ယောက်ျားတွေ မိန်းမ မရခင်
မိန်းကလေးတွေ ထိခိုက်ခံစားလို့ ငိုကြွေးနေရင် ခြေမကိုင်မီ၊ လက်မကိုင်မီနဲ့ ဘယ်လိုချော့ရမှန်း နားမလည်ကြဘူး။

မိန်းမရပြီးနောက် ငိုကြွေးနေတဲ့ မိန်းကလေးတစ်ယောက်အတွက် အလိုအပ်ဆုံးက နွေးထွေးတဲ့ ထွေးပွေ့မှုနဲ့ မှီဖို့ပုခုံးတစ်စုံဆိုတာကို နားလည်လာခဲ့တယ်။

ယောက်ျားတွေ မိန်းမ မရခင်
မိန်းကလေးတွေက အရမ်းရိုမန်တစ်ဆန်တယ်၊ စိတ်ကူးယဉ်ဆန်တယ်လို့ ထင်တတ် ကြတယ်။

မိန်းမရပြီးနောက် မိန်းကလေးတွေ စိတ်ကူးယဉ်ခဲ့တဲ့အရာက သူတို့နဲ့သက်ဆုံးတိုင် တစ်နေ့တခြား အိုမင်းသွားဖို့ဖြစ်တယ်ဆိုတာကို နားလည်ခဲ့ရတယ်။

နိုင်းနိုင်းစနေ

Thursday, March 18, 2010

ချစ်သူရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?

(၁) သူပြောတာ၊ လုပ်တာကို ယုံကြည်ပါ...
(၂) သူ့ကိုအလေးထား ဂရုစိုက်ပါ...
(၃) ခွင့်လွတ်နားလည်မှုတွေ ပေးပါ...
(၄) သူနှစ်သက်တဲ့အလုပ်၊ ပွဲတွေမှာ ပါဝင်ပါ...
(၅) သူပြောချင်တာကို နားထောင်ပေးပါ...
(၆) နေ့တိုင်း ချစ်သူများနေ့လို ချိုချိုမြိန်မြိန်ဖြတ်သန်းပါ...
(၇) ချစ်တယ်ဆိုတဲ့ စကားကို ပါးစပ်ဖျားမှာ ချိတ်ထားစရာမလိုပေမယ့်
ရင်ထဲမှာ အမြဲထည့်ထားပါ...
(၈) စိတ်ကြည်နူးစေတဲ့ လက်ဆောင်လေးတွေ တစ်ခါတရံပေးပါ...
(၉) သူ့အလုပ်ကို ကူလုပ်မပေးခင် ကြည်နူးနှစ်သက်တဲ့ စကားအကောင်းကိုပြောပါ...
(၁ဝ) သူ့ကောင်းကွက်ကို ပိုမြင်ပြီး ဆိုးကွက်ကို လျှော့ကြည့်ပါ...။

*မမယ်မမှ အမှတ်တရ ပေးပို့ပါသည်

ခင်ပွန်းရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?

(၁) အလုပ်ကပြန်လာတဲ့သူ့ကို ကြိုဆိုပါ...
(၂) သူ့အလုပ်အကိုင်ကို ဂရုပြု(စောင့်ရှောက်)ပါ...
(၃) ညစာကို စားချင်စဖွယ်ပြင်ဆင်ပါ...
(၄) သူ့စိတ်လိုအင်ကို ဖြည့်ပါ...
(၅) မင်္ဂလာနှစ်ပတ်လည်မှာ သူအံ့သြပျော်ရွှင်အောင် လက်ဆောင်ပေးပါ...
(၆) သူ့လုပ်ရည်ကိုင်ရည်၊ သူ့အကျင့်စရိုက်ကို လေးစားတန်ဖိုးထားပါ...
(၇) အခြေအနေ၊ အချိန်အခါကိုကြည့်ပြီးမှ ပြဿနာကို ဆွေးနွေးတင်ပြပါ...
(၈) သူနှစ်သက်တဲ့ ဘောလုံးပွဲကိုကြည့်ပါစေ...
(၉) ကိုယ့်ကိုအမြဲ လှပသန့်ရှင်းအောင် ပြင်ဆင်ပါ...
(၁ဝ) သူ့မိဘကို ပြုစုစောင့်ရှောက်ပါ...။

*မမယ်မမှ အမှတ်တရ ပေးပို့ပါသည်

ဇနီးရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?

(၁) မနက်ခင်းမှာ နွေးထွေးတဲ့ ပွေ့ဖက်မှုတစ်ခုပေးပါ...
(၂) သူ့အစား ကော်ဖီ၊ လက်ဖက်ရည်ဖျော်ပါ...
(၃) သူ့အစား အိပ်ရာခင်းတွေ ခေါက်ကူပါ...
(၄) ညအချိန်မှာ အမှိုက်သိမ်း/ သွန်ကူပါ...
(၅) ကလေးကို ကျောင်းပို့ပါ...
(၆) သူ့မိဘကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါ...
(၇) အင်္ကျီကူခေါက်ပါ...
(၈) မွေးနေ့လက်ဆောင်ပေးပါ...
(၉) အိမ်စရိတ် ကူညီထောက်ပံ့ပါ...
(၁ဝ) ဂရုစိုက်၊ နွေးထွေးတဲ့စကားတွေပြောပါ...။

*မမယ်မမှ အမှတ်တရ ပေးပို့ပါသည်

Monday, March 1, 2010

ချစ်သူ့အတွက် (၁၄)

၁ ယောက်သောသူအတွက်
၂ လုံးတည်းသောစကား ပြောကြားချင်တယ်၊
၃ နေကျစကားမဟုတ်လို့
၎ လေးနက်နက်နားထောင်ဖို့လိုမယ်။
၅ တစ်ကောင် ကုန်းပေါ်ရောက်နေတဲ့အလား မင်းမရှိရင်
၆ ကပ်အထီးကျန်မှုတွေ ခံစားနေရလို့
၇ သံချီဟစ်ပြီး ဖွင့်ပြောမယ်
၈ တယ် ‘ချစ်တယ်’ အချစ်ရယ်။
၉ ကွယ်ရာမဲ့ ရေတိမ်နစ်နေတဲ့နလုံးသား
၁၀ ယူဖေးမလို့ ကြင်နာသနားပါ။
၁၁ ကြိုးကဝေအတတ်နဲ့ ပြုစားခံရလို့
၁၂ ရာသီအလွမ်းဖျားတွေနဲ့ ငါ့အသဲနှလုံး မင်းမရှိရင်
၁၃ လို့ မရတော့အောင်ကွဲကြေနိုင်တဲ့အရေး ကာကွယ်ပေးဖို့
၁၄ ရက်(ချစ်သူများနေ့)အမှီ တုံ့ပြန်မေတ္တာပေးလှည့်ပါနော်...

**မမယ်မ ပေးပို့သော forwarded mail မှဖြစ်ပါသည်။

(၁) အချစ်ဆိုတာ သူ့ကို ကိုယ့်နှလုံးသားထဲ
တိတ်တိတ်လေး ထည့်ဖွက်ထားတာဖြစ်တယ်။ ကိုယ်ဘယ်သွားသွား သူပါတယ်။
ကိုယ်ဘယ်ရောက်ရောက် တစ်သက်လုံးသူရှိနေတယ်။

(၂) အချစ်ဆိုတာ ကိုယ့်နှလုံးသားကို သူ့ဆီမှာပဲထားတယ်။ ထွက်မပြေးဘူး၊
လျှောက်မပြေးဘူး၊ သူ့နှလုံးသားထဲမှာပဲ ကိုယ့်နှလုံးသားကို ထာဝစဉ်
လဲလျောင်းစေတယ်။

(၃) "ချစ်တယ်" ဆိုတဲ့စကားက လူကိုနွေးထွေးဖို့ လုံလောက်ခဲ့တယ်။ ဒါပေမယ့်
အဲဒီစကားက တစ်ဖက်သတ်မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် နှလုံးသားချင်းထပ်ရတယ်။

(၄) နင်သိလား! ကိုယ့်ကိုနားလည်တဲ့လူကို ရှာဖို့ရာ မလွယ်ကူဘူး။ ဒါပေမယ့်
ငါကံကောင်းခဲ့တယ်။ ဘုရားသခင်က ငါ့အတွက်မင်းကို စွန့်ကျဲခဲ့တယ်။
ရိုးရိုးရှင်းရှင်းစကားကို ငါအားမနာတမ်းပြောချင်တယ် "နင့်ကိုချစ်တယ်"...

(၅) နင့်ကိုချစ်တာ ခံစားမှုတစ်မျိုး၊ နင့်ကိုလွမ်းတဲ့အလွမ်းက ငါ့ကိုပျော်စေတယ်၊
နင့်ကိုဖက်ထားရတာ ငါ့အတွက် မှီခိုမှုတစ်မျိုးပေါ့။ နင့်ကိုနမ်းတော့ ကြည်နူးရတယ်။
နင်ဟာ အမြဲတမ်း ငါရဲ့ပျော်ရွှင်ခြင်းပေါ့ကွယ်...

(၆) အရင်က နင်နဲ့ငါမသိခဲ့လို့ "အချစ်"နဲ့ ငါလမ်းလွဲခဲ့ရတယ်။ ခုတော့
ငါ့ဘဝထဲ မင်းအပိုင်စီးဝင်လာခဲ့ပြီ။ အထီးကျန်ခဲ့ဖူးတဲ့ ငါ့နေ့ရက်နဲ့
ပျော်ရွှင်ခြင်းတွေ ပြည့်နေမယ့် ငါ့အနာဂတ်ကို မင်းတာဝန်ယူပေးပါ။

(၇) ထာဝရထက် မင်းကိုငါ တစ်ရက်ပိုချစ်တယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ်
နင့်ကိုငါလွမ်းတယ်။ နင့်ဘေးမှာ ငါမရှိပေမယ့် ငါ့အလွမ်းထဲမှာ နင်အမြဲရှိတယ်။
ငါ့နှလုံးသားထဲမှာ နင်နေရာအပြည့်ယူထားတယ်။

(၈) ငါ့ဘဝထဲ မင်းရောက်မလာခင် ငါဟာနေ့ည မခွဲခြားတဲ့ တေလေငှက်
တစ်ကောင်လို လူ့ပင်လယ်ထဲမှာ လမ်းပျောက်နေခဲ့တယ်။ မင်းဟာ ငါရဲ့ ဓူဝံကြယ်ပါ။
မင်းနှလုံးသားမှာ ခိုလှုံနိုင်ဖို့ ငါ့ကိုအလင်းပေး လမ်းညွှန်ခဲ့တယ်။

(၉) ငါတို့က တောင်ပံတစ်ဖက်စီသာ ရှိကြတဲ့ အိန်ဂျယ်တွေပါ။
နှစ်ယောက်ပွေ့ဖက်ပေါင်းစပ်မှ ပျံသန်းနိုင်မှာဖြစ်တယ်။
နင် ငါရဲ့တောင်ပံတစ်ဖက် လုပ်နိုင်မလား?

(၁ဝ) တစ်နေ့မှာ ပျော်ရွှင်ခြင်းက ဘယ်မှာလဲလို့ နင်မေးလာခဲ့ရင်
ပျော်ရွှင်ခြင်းက လေထဲမှာလို့ နင့်ကိုငါ တိုးတိုးလေးပြောပြမယ်။
နင်ရှုရှိုက်လိုက်တဲ့ လေတိုင်းမှာ နင့်ကိုငါပေးမယ့် ပျော်ရွှင်ခြင်းတွေ ပါဝင်နေခဲ့တယ်။


** မမယ်မမှ ပေးပို့ပါသည်

Monday, October 13, 2008

အလွမ်းတွေသာ
နင်သိချင်တယ်ဆိုရင်
ငါပြောပြချင်တယ်

ခက်တာက.........
ငါ့အလွမ်းတွေကို...နင်သိအောင်
ငါမဖော်ပြတတ်ဘူး။

နင့်ရဲ့အိပ်မက်တွေထဲ
ငါလည်ခွင့်ရှိမယ်ဆိုရင်
အကြိမ်အခါပေါင်းမနည်း
ငါလာခဲ့မယ်။

ငါ့အချစ်တွေကို
နင်သာယုံမယ်ဆိုရင်
နင်နဲ့ပတ်သက်လို့
ဝမ်းနည်းခြင်းဆိုတာ...
ရှိမှာမဟုတ်ဘူး။

နင်ပြောတဲ့စကားတွေ
ရင်ထဲမှာ သိမ်းထားတာတွေ...
နင်သိစေချင်ပေမယ့်လည်း
ငါမကြေငြာတတ်ဘူး။

နင်နဲ့ပတ်သက်လို့
ဖြစ်ပျက်သမျှ၊ ခံစားရသမျှ
ငါ့ရဲ့နှုတ်ကထွက်လာမဲ့..
စကားတွေအဖြစ် မပြောတတ်ဘူး။

နင်ချစ်မြဲချစ်နေအောင်
စကားအပိုတွေပြောပြီး
ချစ်တာတွေ...
ချွဲ့နွဲ့တာတွေ...
ငါမလုပ်တတ်ဘူး။

နင့်ကြောင့်
ရင်ခုန်သံတွေ..ညံနေရင်တောင်
နင်မသိအောင်..ငါ
ထိန်းချုပ်ထားမယ်။

ဘာပဲဖြစ်ဖြစ်...နင့်ကြောင်
ငါငိုနေရင်တောင်
ရင်ထဲမှာပဲ ငိုကြွေးနေမယ်။

ငါ့ငိုကြွေးသံကို
နင်မသိအောင်..မြိုသိပ်ထားမယ်။

နင့်ကြောင့်ငါ
ကြေကွဲရရင်တောင်
နင်မသိအောင်ပဲ
ကြေကွဲနေမယ်။

ငါ့ရဲ့အချစ်တွေ
နင်ယုံကြည်ခဲ့ရင်တောင်
ရင်ထဲမှာ...ပဲကျေနပ်လိုက်တော့မယ်။

ငါ့ရဲ့ဘ၀ကို
နင်စေရာစေပါ။

နင်မသိအောင်...နောက်ကွယ်မှာ
နင်စေရာ..ငါနေမယ်။

ငါချစ်သမျှ..အချစ်တွေလည်း
နင်မသိအောင်ပဲ
သိမ်းထားလိုက်တော့မယ်။
(မမယ်မမှ အမှတ်တရ ပေးပို့ပါသည်)

ချစ်သူ..ရေ..
ငါ့အတွေးမှာ
နင်သာကောင်းကင်ဖြစ်ရင်
ငါဟာနေဆယ်စင်းသာတာထက်
အပျော်တွေ..ပိုသာနေလိမ့်မယ်။

ချစ်သူသာ...ကောင်းကင်ဆိုရင်
နေ့တိုင်းလွမ်းနေဖို့ မလိုဘူးပေါ့။
မျှော်လင့်ခြင်းဆိုတဲ့...ထောင်ကလည်း
လွတ်ငြိမ်းလို့........ငါပျော်နေတယ်။

ချစ်သူ...ကောင်းကင်ဟာ
မိုးရွာရွာ၊နေပူပူ
နေသာလည်းကောင်းကင်ပေါ့
နေမသာလည်းကောင်းကင်ပဲပေါ့

နေ့လင်းလည်းကောင်းကင်
ညမှောင်လည်းကောင်းကင်
ကောင်းကင်ဟာထာဝစဉ်ရှိမြဲပဲ။

ဒါကြောင့်ချစ်သူသာ..
ကောင်းကင်..ဖြစ်မယ်ဆိုရင်
တို့အတွက်ထာဝရ..ကောင်းကင်အဖြစ်............
ထာဝရနေပေးပါလား... ။
(မမယ်မမှ အမှတ်တရ ပေးပို့ပါသည်)

ဘ၀ဆိုတာ ...

လေယာဉ်ပိုင်လော့တစ်ဦးကပြောတယ်
ဘ၀ဆိုတာ...
လေယာဉ်မောင်းသလိုပဲတဲ့။
အတက်မလွယ်သလို..အဆင်းလည်းခက်တယ်တဲ့။

စစ်ဗိုလ်တစ်ယောက်က...ပြောတယ်။
ဘ၀ဆိုတာ...ရန်သူ...ဘယ်မှာရှိမှန်းမသိတဲ့
ပျောက်ကျားစစ်ပွဲဆင်နွှဲရသလိုပဲတဲ့။

ဆရာဝန်တစ်ယောက်က..ပြောတယ်
ဘ၀ဆိုတာ
ခွဲစိတ်ခန်းထဲ..၀င်နေရသလိုမျိုး
အမြဲသတိထားနေရသတဲ့။

ကျောင်းဆရာတစ်ယောက်က..ပြောတယ်
ဘ၀ဆိုတာ
မရေရာတဲ့အနာဂတ်ကို..ပီပြင်အောင်
ပုံဖော်နေခြင်းပဲတဲ့။

ကလေးငယ်က..ပြောတယ်
အလိုမကျရင် ငိုမယ်၊ ဂျီကျမယ်၊
ဆော့မယ်၊ စားမယ်။......
ပြီးတော့.....
မေမေ့ချိုချိုစို့..ပြီးအိပ်မယ်
အဲ့ဒါ ဘ၀..ဘ၀..ဘ၀ တဲ့။
(မမယ်မမှ အမှတ်တရ ပေးပို့ပါသည်)

ချစ်သူ
အရာရာတိုင်း ပေးဆပ်ချင်ခဲ့တယ်
ငါ့ရဲ့စိတ်ကို အစဉ်ထာဝရ လွှမ်းမိုးထားတာ
နင်တစ်ယောက်ထဲ ရှိသေးတာပါ ချစ်သူ………….
နင်ယုံချင်မှယုံပါ ငါအတင်းအကျပ် မတိုက်တွန်းပါဘူး
ငါ့ရင်ထဲမှာ နင်ထာဝရနားခိုဖို့ ငါ့နှလုံးသားကို အမြဲတမ်းတံခါးဖွင့်ထားတယ်
ဘယ်တော့မှ အဝေးကြီးထွက်မသွားပါနဲ့ ချစ်သူ……………
နင်ထားခဲ့ရင်လည်း ငါနေခဲ့ရမှာပါ
နင်ခေါ်ဆောင်သွားမယ်ဆိုရင်လည်း မငြင်းဆန်ဘူး
မြစ်တွေလို ကွေ့ကောက်ပါစေ၊ နင်နဲ့အတူ နင့်ဘေးနားမှာ
ငါအမြဲတမ်းပါရမီဖြည့်ဘက်အဖြစ် လိုက်ပါချင်သူပါ…………

နင်နဲ့အတူ ရှိနေရမယ်ဆိုရင်လေ မရေရာတဲ့ဘ၀တွေပဲဖြစ်နေပါစေ
အမြဲထာဝရ ပျော်ရွှင်နေပါမယ်……….

လွမ်းချင်းတွေထိ ခံစားမိမှ
ကျွမ်းခြင်းတန်ဖိုး ပိုမြတ်နိုးမိ
မချိရင်မှာ ဝေဒနာ ခိုဝင်တွယ်ငြိ
ဘယ်အထိသောကများနေရဦးမလဲ……………
ချစ်သူရေ
ဝေးကွာခြင်းဆိုတဲ့ ဝေါဟာရတစ်ခုဟာ ချစ်သူနှစ်ဦးရဲ့ရင်ကို
အလွမ်းတွေနဲ့ ရင်နင့်စေပါတယ်
အလွမ်းနင့်ရင်ကြောင့် အိပ်စက်ခြင်းကိုဆန့်ကျင်
သက်ပြင်းမောတွေ အခါခါချ
အချစ်ရဲ့ဒုက္ခဆိုတာ ဒါပဲလားကွယ်
အာရုဏ်ဦးအလှမှာ ယစ်မူးသာယာတတ်တဲ့
ကျွန်မ မနက်ဖြန်မိုးသောက်ရန်အတွက် ခွန်အားတွေမဲ့နေခဲ့ပြီကွယ်
ချစ်သူအပါးမှာရှိနေခွင့် မရနိုင်သေးတဲ့ကာလ
ဘယ်လောက်ထိများတာရှည်နေဦးမှာလည်း…..
ဝေးမှပိုလွမ်း
လွမ်းမှပိုတ
ဒီကာလဟာ
ဘယ်လောက်တာရှည်
နေလေမည်လဲ………..။
(မမယ်မမှ အမှတ်တရ ပေးပို့ပါသည်)

ကောင်မလေးကို အရမ်းချစ်မိခဲ့တယ် … သူက ကျွန်တော့်ချစ်သူပေါ့ …

တစ်နေ့ ချစ်သူနှစ်ဦးကြား လျှို့ဝှက်ချက်တွေမရှိရလေအောင်
တစ်ယောက်ရဲ့ မေးလ်အကောင့် (Mail Account) ကို တစ်ယောက် ပေးထားကြတယ် ….

Chat ကိုလဲ တစ်ချက်တစ်ချက် ၀င်ပြီး ပြောတတ်ကြတယ် …
တစ်ယောက်နဲ့တစ်ယောက် သံသယမျိုးနဲ့ ချစ်နေတာမျိုးမဟုတ်ဘဲ
သ၀န်တိုခြင်းစိတ်တစ်ခု၊ စိတ်မချခြင်း စိတ်တစ်ခုနဲ့
အပြန်အလှန် Mail ထဲကတစ်မျိုး၊ Chat ထဲကတစ်မျိုး
တစ်ဦးကိုတစ်ဦး မျက်ခြေအပြတ်မခံဘဲ စောင့်ကြည့်နေကြတယ် ….

ဒီအပြုအမူဟာ ချစ်သူနှစ်ဦးကြား တစ်ဦးကိုတစ်ဦး ချုပ်ချယ်ရာကျနေလား ….

ချစ်သူ မင်းရင်ထဲမှာ ဘယ်လိုခံစားနေရလဲ ….

ကျွန်တော့်မှာတော့ … ချစ်သူပြောခဲ့တဲ့ Chat history တွေကို ဖတ်ရင်
ဝမ်းနည်းမိတယ် ..

ချစ်သူက အခြားကောင်လေးနဲ့ စကားတွေပြောထားတယ်၊
ဖုန်းနံပါတ်တွေ အပြန်အလှန်ပေးထားတယ် …
အဲဒီအချိန်မှာ ကျွန်တော်နဲ့လဲပြောနေတယ် …
ဒါပေမဲ့ …
ချစ်သူက အခြားကောင်လေးကို စကားတွေအများကြီးပြောပြီးမှ
ကျွန်တော့်ကို တစ်ခွန်းပြန်လာပြောတယ် …
ချစ်သူက သူ့စိတ်ထဲမှာ ရိုးရိုးသားသားနဲ့ စကားတွေပြောတယ်ဆိုပေမဲ့ …
ကျွန်တော့်ရင်ထဲမှာတော့ ၀မ်းနည်းကြေကွဲရတယ် …

စိတ်ရိုင်းတွေနဲ့ ချစ်သူကို မပြောရက်လို့
တစ်ဘက်ကောင်လေးကို ၀င်ကြမ်းပြန်တော့ … ချစ်သူက စိတ်ဆိုးတယ် …

တစ်ကယ်ဆို ချစ်သူကနားမလည်တာလား …
ကျွန်တော့် ရင်ထဲက ခံစားချက်ကို သူ မသိလို့လား …..
ကျွန်တော့်အချစ်ကို တန်ဖိုးမထားချင်လို့ ကျွန်တော့်ကို အလေးမပေးတာလား …
ဒါမှမဟုတ် …
ကျွန်တော့်အပြုအမူကပဲ မှားသွားတာလား …
သူ့ကို အရမ်း ချုပ်ချယ်ရာကျသွားလို့လား …

ကျွန်တော် သိတာတစ်ခုပဲ ရှိပါတော့တယ် …
သူ ကျွန်တော့်ကို အလေးထားဦးစားပေးရမယ် ..
ကျွန်တော်လဲ သူ့ကိုပဲ ဦးစားပေးအလေးထားမယ် ဆိုတာပါပဲ …

ကျွန်တော် မြတ်နိုးတဲ့ပန်းတစ်ပွင့် ကျွန်တော့်ရင်မှာပွင့်လို့
ကျွန်တော်ပဲ ချူရှိုက်၊ ကျွန်တော်ပဲ သိမ်းပိုက်ချင်တာ ရိုင်းတယ်လို့တော့ မဆိုပါနဲ့ဗျာ

သူ့ကိုသိပ်ချစ်လွန်းလို့ပါ....။
(မမယ်မမှ အမှတ်တရ ပေးပို့ပါသည်)

Wednesday, October 8, 2008

ချစ်သူ

ချစ်သူ အခုဘာတွေလုပ်နေလဲ ၊
ချစ်သူ မင်းရင်ထဲမှာ ဘာတွေရှိလဲ ၊
ချစ်သူ မင်းခံစားချက်တွေက ဘာတွေလဲ ၊
ချစ်သူ မင်းငါ့ကိုကျေနပ်စွာလက်ခံထားတာလား ၊
ချစ်သူ မင်းငါ့ကိုညာတာ ဘယ်နှစ်ခါရှိလဲ ၊
ချစ်သူ မင်းရဲ့လျှို့ဝှက်ချက်က ဘာလဲ ၊
ချစ်သူ မင်းအတွေးထဲမှာ အများဆုံးစိုးမိုးတာက ဘယ်သူလဲ ၊
ချစ်သူ မင်းစိတ်ညစ်ရင် ဘာတွေလုပ်လဲ ၊
ချစ်သူ မင်းဘယ်တွေသွားပြီး ဘာတွေစဉ်းစားလဲ ၊
ချစ်သူ မင်းမအိပ်ခင် ဘယ်သူ့အကြောင်းတွေ တွေးလဲ ၊
ချစ်သူ မင်းဖုန်းထဲမှာ ဘယ်သူ့ပုံတွေ ထည့်ထားတာလဲ ၊
ချစ်သူ မင်းအိပ်ယာကနိုးရင် ဘာကိုသတိရလဲ ၊
ချစ်သူ မင်းဘဝမှာ ဘယ်အရာက အရေးအကြီးဆုံးလဲ ၊
ချစ်သူ မင်းမိုးရွာရင် ဘယ်သူ့ကိုသတိရလဲ ၊
ချစ်သူ မင်းဘဝမှာ ငါရှိရင်ဖြစ်လား ၊
ချစ်သူ မင်းကဟန်ဆောင်ကောင်းတယ် ၊
ချစ်သူ မင်းလိမ်ညာတာတွေ ငါသိတယ် ၊
ချစ်သူ မင်းက သိပ်လျှို့ဝှက်တယ် ၊
ချစ်သူ မင်းက ငါ့အတွေးထဲမှာ အများဆုံးစိုးမိုးတယ် ၊
ချစ်သူ မင်းက ငါမင်းကို ရစ်တယ်လို့ထင်တယ် ၊
ချစ်သူ တကယ်တမ်းကျတော့ ငါ မင်းကို ချစ်တယ် ၊
ချစ်သူ ငါ့ဘဝမှာ မင်းကအရေးကြီးသောအခန်းက ပါဝင်သရုပ်ဆောင်တယ် ၊
ချစ်သူ မင်းကြိုက်တဲ့ မင်းသမီးလို ငါမလှဘူး ၊
ချစ်သူ မင်းက တစ်ခါတစ်ရံမှာ ငါ့ကိုမုန်းလား ၊
ချစ်သူ ငါက မင်းကို တစ်ခါတစ်ရံတောင် မမုန်းဘူး ၊
ချစ်သူ မင်းက မင်းအပေါင်းအသင်းတွေရှေ့မှာ ငါ့ကိုချပြရမှာ ရှက်တယ် ၊
ချစ်သူ ငါက မင်းကို ငါ့အပေါင်းအသင်းတွေရှေ့မှာ ကြွားတယ် ၊
ချစ်သူ မင်းက ငါ့ကို မငိုအောင်ပြောတယ် ၊
ချစ်သူ ငါက မင်းအတွက် အမြဲတမ်းငိုတယ် ၊
ချစ်သူ ငါက မင်းကို အထင်ကြီးတယ် ၊
ချစ်သူ မင်းက ငါ့ကို မယ်ရုပ်ဆိုးလို့ တင်စားတယ် ၊
ချစ်သူ မင်းက တစ်ခါတစ်ခါ ငါ့ကိုမေ့တတ်တယ် ၊
ချစ်သူ မင်းက အပြောကောင်းတော့ ငါက ချစ်တယ် ၊
ချစ်သူ မင်းက စကားလုံးတွေကို လှအောင်စီပြတော့ ငါက ချစ်တယ် ၊
(မမယ်မမှ အမှတ်တရ ပေးပို့ပါသည်)

Friday, June 6, 2008

ငြင်းဆန်ခြင်း

ကျွန်မအတွက် သူပေးအပ်ထားသော အချစ်ဆိုသည်မှာ
အဝေးက လင်းမြပေးထားသော အလင်းပွင့်သာဖြစ်သည်။
ပန်းပွင့်ကို မမြင်ရဘဲ ရရှိနေသော ပန်းရနံ့တစ်ခုသာဖြစ်သည်။

ဓါးအိမ်ထဲမှ ထုတ်ခွင့်မရှိသော ဓါးတစ်လက်သာဖြစ်သည်။
စမ်းချောင်းဘေးတွင် ထိုင်ပြီး စမ်းရေစီးသံတို့ ပျောက်ဆုံးနေခြင်းသာ ဖြစ်သည်။

သို့သော်….. ကျွန်မသည်
ပန်းရနံ့တို့ဖြင့် ပန်းကို ဖန်ဆင်းသော

စိတ်ကူးတို့ဖြင့် စမ်းရေစီးသံကို တီးခတ်သော
ထိုအချစ်ရှိသည့်နေရာအား… ရူးသွပ်စွာ …မိုက်မဲစွာ…
မက်မောတတ်သော မိန်းမတစ်ယောက်ပင်ဖြစ်သည်။

လေယူရာသယ်ဆောင်ခြင်းခံရသည့် တရုတ်စကားပွင့်တွေ မြေမှာခင်းပြန့်နေသည်။
ထိုနေရာတွင် အချစ်ရှိမည်လား။

အဝေးမှ မြင်နေရသော တောင်တန်းစိမ်းညို့ညို့နှင့်အတူ
လူသွားလမ်းကလေး နီကြင်ကြင်လင်းပနေသည်။
ထိုနေရာတွင် အချစ်ရှိမည်လား။


ညနေခင်းတစ်ခု၏ တေးသံချိုချို ပျံ့ လွင့်နေသည်။
ထိုနေရာတွင် အချစ်ရှိမည်လား။


ဝင်လုဆဲဆဲနေရောင်နှင့်အတူ တောက်ပနေသော တိမ်မျှင်စတွေထံ အချစ်ရှိမည်လား။
ရစ်ခွေစီးဆင်းနေသော စမ်းချောင်းကလေးတခု၏ ကမ်းပါးလေးတွင် အချစ်ရှိမည်လား။
တခါတရံမှာသာ ဆုံတွေ့ခွင့်ရတတ်သည့် ချစ်သူ၏ လက်သူကြွယ်လေးတွင် အချစ်ရှိမည်လား။

ဘာပဲဖြစ်ဖြစ် သူ… ကျွန်မကို ချစ်ပါသည်။
ရေမြေခြားနေသော ချစ်သူနှစ်ဦးလို …..
အပင်တစ်ပင်တည်း၌ အပွင့်ကွဲနေသော ပန်းနှစ်ပွင့်လို ….
စာရွက်တရွက်၏ တမျက်နှာစီတွင် ရေးဖွဲ့ထားသော ကဗျာနှစ်ပုဒ်လို ….
ကျွန်မတို့ချစ်ခဲ့ကြပါသည်။

အချစ်သည် ချစ်သူနှစ်ဦးကို မျက်နှာချင်းဆိုင်ထိုင်၍
ငေးစိုက်ကြည့်စေခြင်းဟုဆိုလျှင် ကျွန်မ ငြင်းပါသည်။
အချစ်သည် လက်ချင်းဆုပ်ကိုင်၍ အချိန်ကာလကို
မေ့လျော့ထားခြင်းဟုဆိုလျှင် ကျွန်မ ငြင်းပါသည်။
အချစ်သည် အအေးတခွက်ကို နှစ်ယောက်အတူ
မျှဝေသောက်ခြင်းဟုဆိုလျှင် ကျွန်မ ငြင်းပါသည်။
အချစ်သည် နေကြာစေ့လေးများကို အခွံနွှာပေးရင်း
ရုပ်ရှင်ကြည့်ခြင်းဟုဆိုလျှင် ကျွန်မ ငြင်းပါသည်။

(မမယ်မမှ ပေးပို့ပါသည်)

Saturday, May 3, 2008

ပူလောင်ပြင်းရှ ကျွန်တော့်ဘဝ

ကံကြမ္မာကြောင့်ပဲဖြစ်ဖြစ်၊ အကြောင်းတစ်ခုခုကြောင့်ပဲဆိုဆို
မမယ်မ ဟာ ကျွန်တော့်ဖူးစာဖက်များ မဖြစ်ခဲ့ရင်.. ဆိုတဲ့ အတွေးက
အခုတစ်လော အိပ်မက်ဆိုးတစ်ခုလို ခြောက်လှန့်နေတာ
ရက်အတန်ကြာခဲ့သလို အိပ်ပျက်ပေါင်းတွေလည်း များခဲ့လေပြီ….
ဒီလို စိတ်ပျက်အားလျော့သော စကားတွေကို
ကျွန်တော်မပြောချင်၊ မတွေးချင်ပေမယ့် အနာဂတ်ကို ကြိုမြင်နေသလို…
ဘာရယ်လို့ တိတိပပ မပြောနိုင်ပေမယ့် တစ်စုံတစ်ရာကို သိနေသလိုလို…
နေလို့မကောင်းတဲ့ကြားထဲ ဒါတွေ တွေးမိတော့
ရင်ဘတ်ထဲမှာ စူးအောင့်လာသည်။


သူမနဲ့တွေ့တော့ သူမပြောတဲ့ စကားတွေက
ကျွန်တော့်အတွေးတွေကို ပိုမိုခိုင်မာသွားစေပြန်တယ်လေ…
မဖြစ်နိုင်ပါဘူးလို့ သူမက အတန်တန်ပြောလို့
စိတ်သက်သာရာ ရခဲ့ပေမယ့်လည်း
ဖြစ်နိုင်ခြေတွေက အများကြီးပြနေတာမို့
ဝေးခဲ့ရင်… ဆိုတဲ့ အသိနဲ့ ကျွန်တော့်ရင်ထဲ ဆို့တက်လာသည်။

အကောင်းဆုံးကို မျှော်လင့်ထားသလို
အဆိုးဆုံးဖြစ်လာရင်လည်း ရင်ဆိုင်ဖို့
ခံနိုင်ရည်တွေ မွေးဖို့လိုလာပြီ လို့လည်း ကိုယ့်ကိုယ့်ကို တွေးမိသည်။
ကျွန်တော်ချစ်ခဲ့တဲ့ အချစ်တွေအတွက် ပြန်ရနိုင်တာဟာ
လွမ်းဆွတ်နာကျင်ရခြင်းတွေကလွဲလို့ ဘာများဖြစ်နိုင်ဦးမှာလဲလေ….
ပူလောင်ပြင်းရှလွန်းတဲ့ နေရောင်ခြည်တွေအောက်က

မွန်းကျပ် ပိတ်လှောင်မှုတွေ အတိပြီးနေတဲ့ အခန်းကျဉ်းလေးထဲမှာ
ထင်ထားတာတွေ ဖြစ်မလာစေဖို့
ကျွန်တော်တစ်ယောက် တိုးတိတ် စိုးထိတ် ဆုတောင်းနေမိရင်း...........


Sunday, April 27, 2008

အလိုရှိသည်... ဆုငွေ ဘ၀တစ်သက်စာ

၁။ ကိုယ်နဲ့ ခံစားချက်တွေ တူညီနေမဲ့ ချစ်သူ…
၂။ တစ်ယောက်အပေါ် တစ်ယောက် နားလည်မှုတွေ တည်ဆောက်နိုင်မဲ့ ချစ်သူ…
၃။ ဘဝရဲ့ အတက်အကျ အနိမ့်အမြင့်တွေ အပေါ် ကိုယ်နဲ့ ရဲရဲ လိုက်ရဲမဲ့ ချစ်သူ…
၎။ စိတ်ဓါတ် တည်ကြည် ဖြောင့်မတ်ပြီး.. သနားကြင်နာတတ်တဲ့ ချစ်သူ…
၅။ ကိုယ်နဲ့ ဝါသနာ မတူရင်တောင်မှ ကိုယ့် ဝါသနာကို နားလည်ပေးနိုင်မဲ့ ချစ်သူ…

Tuesday, April 15, 2008


၁၃၇၀ ပြည့်နှစ်၊ နှစ်သစ်မှာ
စိတ်သစ်လူသစ်၊ သွင်သစ်မြင်သစ်
သစ်ခြင်းများစွာ၊ ရင်မှာဖွားပေါက်
သွေ့ခြောက်ရာနွေ၊ သင်္ကြန်ရေလို
ဘေးသမ်းမှုကင်း၊ လန်းရွှင်ခြင်းဖြင့်
စိတ်သွားကိုယ်ပါ၊ လိုရာဆန္ဒ
မြဲပြည့်ဝစေ၊ တောင်းဆုခြွေ၏....။

သင်္ကြန်ရောက်ပြီ မမယ်မရေ။
ကိုရင်မောင်+မမယ်မ ဆိုပြီး ရေလာလောင်းကြတဲ့သူတွေ တွေ့တဲ့အခါတိုင်း
မမယ်မကို တခုတ်တရ သတိရနေမိတယ်။ အိမ်ရှေ့ သစ်ပိတောက်၊ ပန်းပိတောက်
ပိတောက်နှစ်ပင်က ရွှေဝါရောင် ပိတောက်ပန်းခိုင်တွေကို (ငယ်ငယ်တုန်းကလို)
ကိုယ်တိုင်တက်ခူးပြီး မမယ်မရဲ့ ပိတုန်းရောင်ကေသာနက်နက်မှာ
ကိုယ်တိုင်ပန်ပေးချင်မိတယ်။
(အခုတော့ color ဖေါက်ထားတယ်ဆိုလား၊ ဘာလား၊
ကေသာအနက်မှာ အနီတစ်လိုင်းတော့ တွေ့ရရဲ့။)

မနှစ်တုန်းကလို ပိတောက်ပန်းခြောက်လေးတွေကို
စက္ကူအိတ်လေးနဲ့များ ထည့်ပြီး ပို့ဦးမှာလေလား လို့လည်း မ၀ံ့မရဲစောင့်မျှော်မိရဲ့။
တမ်းတသတိရမိတဲ့စိတ်ကို မြိုသိပ်ချုပ်တည်းနိုင်ခြင်းငှာ ကျွန်တော်မစွမ်းသာ။
ဓါတ်ပုံအယ်လ်ဘမ်ထဲမှာ တယုတယ ထည့်ထားတဲ့
ပိတောက်ပန်းခြောက်လေးတွေကို ထုတ်ကြည့်မိသည်။
မွှေးပျံ့ပျံ့ ပိတောက်ပန်းခြောက်ရနံ့လေးတွေကို ရှုရှိုက်မိတော့
ရင်ထဲမှာ ထော်လာဂျီတစ်စီးဖြတ်မောင်းသွားသလို
ယိမ်းထိုးလှုပ်ခတ်သွားသည်။
သင်္ကြန်ရဲ့သရုပ်သကန် ပိတောက်ပန်းခြောက်လေးတွေနဲ့အတူ
မမယ်မကို ရော်ရမ်းမှန်းဆ နေမိသလို
ပါးကွက်ကျားလေးနဲ့ ကပိုကရိုလှနေသော မမယ်မရဲ့ပါးပြင်ထက်က
သနပ်ခါးရနံ့လေးကိုလည်း မျှော်မှန်းတမ်းတ နေမိသည်။
(သင်္ကြန်တွင်းမှာ သူမ ဥပုသ်များစောင့်နေရင်
ကျွန်တော် အပြစ် တော်တော်ကြီးသွားလောက်ပြီ။)
MP4 Player လေးထဲထည့်ပြီး သွားလေရာ ထည့်ယူသွားတဲ့
သူမရဲ့ ဓါတ်ပုံလေးတွေက ဘယ်လောက်ကြည့်ကြည့် မရိုးနိုင်....။
စာသင်ခန်းထဲမှာ ခိုးခိုးကြည့်ရတာ အမော..။
သင်္ကြန်ရဲ့အငွေ့အသက်တွေရတိုင်း "ဒီအချိန်ဆိုရင် မမယ်မတစ်ယောက်..." လို့
တွေးတော ငေးမောမိနေတတ်သည်။
သင်္ကြန်ပြီးရင် တွေ့ရမှာပဲလေဆိုပြီး
ကျွန်တော့်စိတ်ကို ကျားကန်အားတင်းထားပေမယ့်
လက်တွေ့မှာ ထင်သလောက်မလွယ်မှန်း သိလာသည်။
စိတ်ကူးထဲမှာတော့
ငရုတ်သီးစိမ်းအတောင့်လိုက်ထည့်ထားတဲ့ မုန့်လုံးရေပေါ်တွေကို
ရင်တထိတ်ထိတ် ရွေးစားရင်း ကြည်နူးပြုံးပျော်နေတဲ့
ပါးကွက်ကျားလေးနဲ့ မခို့တရို့အလှပိုင်ရှင် မမယ်မနဲ့
ကျွန်တော်တို့ အဖြစ်ကို မြင်ယောင်ကြည်နူးရင်း

မမယ်မတစ်ယောက်
နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ လိုအင်ဆန္ဒတွေပြည့်ဝကာ
အေးမြလန်းဆန်းတဲ့ သင်္ကြန်ရေတွေလို
တစ်နှစ်ပါတ်လုံး ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဒီ post နဲ့အတူ
နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်...
ချစ်တဲ့
ကိုရင်မောင်

Tuesday, April 1, 2008

ချိန်ခါမဲ့မိုး

ကျောင်းပိတ်ရက် တနင်္ဂနွေနေ့ဖြစ်သည့်အပြင်
တနင်္လာနေ့တွင်လည်း ကျောင်းချိန်က နေ့ခင်းပိုင်းမှ ဖြစ်သောကြောင့်
ညပိုင်း ဟိုလုပ်ဒီလုပ်နှင့် မနက်သုံးနာရီခန့်မှ အိပ်ရာဝင်ဖြစ်သည်။
အိပ်ရာပေါ်ရောက်တော့လည်း ထုံးစံအတိုင်း မမယ်မ မျက်နှာကို
ပြေးမြင်လိုက်၊ ရှေ့ရေးအတွက်ကြိုစဉ်းစားလိုက်နှင့်
တော်တော်နှင့်အိပ်လို့မပျော်။ မနက်လေးနာရီသာသာခန့်တွင်
အိပ်ပျော်သွားခဲ့ပြီး နှစ်ခြိုက်စွာအိပ်ပျော်နေခိုက် ဖုန်း SMS ၀င်လာသံကြောင့်
နိုးလာတော့ မနက် ကိုးနာရီခန့်ပင်ရှိပြီ။ မျက်လုံးကို ဖြဲရဲကာ SMS ကို
ဖတ်ကြည့်လိုက်တော့ မမယ်မ ထံမှဖြစ်လို့နေသည်။
မနက်ပိုင်း အိပ်ရေးပျက်တတ်လို့ အခန်းဝမှာ
သေရေးရှင်ရေးမှအပ မနှိုးရ၊ မီးလောင်လျှင်ရွှေ့၊ ဦးစားပေး တစ်” လို့
စာကပ်ပြီးတောင် အိပ်တတ်တဲ့ကျွန်တော်၊ မမယ်မ ဆိုတာနဲ့ ငေါက်ခနဲ
ထထိုင်ဖြစ်နေခဲ့မိတဲ့အတွက် ကိုယ့်ကိုယ်ကို ထူးပြီး မအံ့သြမိတော့။

အိပ်ချင်စိတ်ကို ကျိတ်မှိတ်ဖြေဖျောက်ကာ ကုတင်ပေါ်မှဆင်းလာခဲ့ပေမယ့်
ကွန်ပျူတာစားပွဲပေါ်လက်ထောက်ကာ ပြန်အိပ်ငိုက်မိနေပြန်သည်။
ဒုတိယအကြိမ် ဖုန်း SMS ၀င်လာသံကြောင့် ကျွန်တော့်မျက်လုံးတွေ ပြူးကျယ်ပြီး
အိပ်ချင်စိတ်တွေ ပြေပျောက်သွားပေမယ့် အိပ်ချင်မူးတူးဖြစ်နေသော
ကျွန်တော့်ပုံစံအသွင်အပြင်ကို မမယ်မ မမြင်စေလို။ သူမ မြင်လျှင်
စိတ်မကောင်းဖြစ်မှာ စိုးသည်လေ။ ကျွန်တော်က အိပ်ရေးမ၀တော့
စကားကပြောလို့မထွက်၊ မျက်နှာကမရွှင်၊ လူက မလန်းဆန်းတော့
သူမက ကျွန်တော့်ကိုပြန်အိပ်ဖို့နဲ့ သူမ ပြန်တော့မယ်အကြောင်း
ပြောပါတယ်။ သူမကို မပြန်ဖို့ပြောကာ (သူမ မသိအောင်)
အိပ်ခန်းထဲက မှုန်ဝါးဝါးနဲ့ ဒယိမ်းဒယိုင်ထွက်လာခဲ့ပြီး သန့်စင်ခန်းဝင်ကာ
မျက်နှာသစ်၊ သွားတိုက် ကိုယ်လက်သန့်စင်လိုက်တော့ အနည်းငယ်
လန်းသွားသည်။ သည့်နောက် သူမရှေ့ပြန်ရောက်တော့ စကားတွေ
ပြောဖြစ်သည်။ ရှေ့ရေး၊ နောက်ရေး အစုံပေါ့။ ခဏနေတော့ ဗိုက်ဆာတာနဲ့
နှစ်ယောက်သား ခေါက်ဆွဲပြုတ်စားကြသည်။ ဟိုးးးးးးးးး အရင်
သူမ တစ်ခုခုစားတိုင်း အတူတူစားချင်စိတ်ဖြစ်ခဲ့ပေမယ့်
အကြောင်းမတိုက်ဆိုင်လို့ အရာမထင်ခဲ့။ အခုတော့ မျက်နှာချင်းဆိုင်
လက်ဆုံစားခွင့်ရခဲ့သည်။ သည့်အတွက် သူမကို ကျေးဇူးတင်မိသလို
ကိုယ့်ကိုယ်တိုင်လည်း ကြည်ကြည်နူးနူးခံစားမိသည်။ စားသောက်ပြီးတော့
ကျွန်တော့်ဝသီအတိုင်း ဆေးတစ်လိပ်ကို မီးညှိရှိုက်ဖွာလိုက်တော့
ကျွန်တော့်မြင်ကွင်းထဲက သူမ စွန့်ခွာထွက်ပြေးသွားသည်။
ကျွန်တော် သူမနောက်သို့ ထလိုက်လာခဲ့ပြီး အကျိုးအကြောင်း
မေးကြည့်တော့ သူမ မကြိုက်တဲ့ဆေးလိပ်ကို သူမရှေ့မှာ သောက်လို့တဲ့လေ။
ကျွန်တော်နားလည်ပါသည်။ ချစ်သူကောင်ကြီး (ကျွန်တော့်အရွယ်က
ကောင်လေး မဟုတ်တော့ပါ၊ ကောင်ကြီးဖြစ်နေပါပြီ) ဆေးလိပ်သောက်တာကို
နှစ်ခြိုက်သဘောကျတဲ့ ချစ်သူကောင်မလေးရယ်လို့ အဘယ်မှာ ရှိအံ့နည်း။
နောက်နောင် သူမရှေ့မှာ ဆေးလိပ်မသောက်တော့ပါကြောင်း အယူခံဝင်မှ
ကြီးတော်မ က ကျေနပ်သွားသည်။ ကျွန်တော့်တို့အဖြစ်က တစ်ခါတစ်ရံ
ဒေါ်ရင်ဝိုင်းမူကြိုကျောင်းနှင့် အလားသဏ္ဍာန်တူနေသလို။ အသက်အရွယ်က
ငယ်ရွယ်၊ အတွေ့အကြုံက နုနယ်လို့ ကလေးဆန်တဲ့ သူမကို
ကျွန်တော်က ချော့လိုက်၊ ခြောက်လိုက်၊ သူမနှင့် Level တူအောင်
ကလေးလိုနေပြန်တော့လည်း ကျွန်တော့်မှာ ကိုးရို့ကားယားဖြစ်လိုက်နဲ့
လုံးလည်လိုက်နေသည်။ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် ဆိုတာလည်း
ခဏခဏ။ ကျွန်တော့်ကြောင့် သူမ စိတ်အနှောင့်အယှက်တစုံတရာ
ရသွားမှန်း၊ သူမမျက်နှာကို မှန်တစ်ချပ်လိုကြည့်နေတဲ့ ကျွန်တော်
ရိပ်မိပါသည်။ ခဏအကြာ သူမကပြန်မယ်ပြောတော့ ထုံးစံအတိုင်း
နှစ်ယောက်တည်းသိတဲ့ ဘာသာဗေဒတွေနဲ့ ကျွန်တော်က နှုတ်ဆက်ပေမယ့်
သူမကတော့ ပြောချင်စိတ်မရှိဘူးတဲ့၊ ပြောချင်စိတ်ရှိတဲ့အခါမှပဲ ပြောမယ်

တဲ့လေ။ ဒိန်းကနဲပဲ၊ ကျွန်တော့်ရင်ကို လာဆောင့်သွားတယ်။
ကျွန်တော် ဘာဆက်ပြောရမှန်း မသိတော့။ အာတွေခြောက်လာသည်၊
လျှာတွေ ထူလာသည်။ သူမပြန်သွားတဲ့အချိန်ကစလို့ တစ်နေ့လုံး
ဘာမှ လုပ်မရတော့။ အဲဒီစကားက ကျွန်တော့်နားစည်ကို အချိန်ပြည့်
ရိုက်ခတ်နေသည်။ ကျွန်တော် အထူကြီးခံစားလိုက်ရသည်။
စဉ်းစားလိုက်တိုင်း ရင်ထဲမှာ ဆို့တက်လာသည်။
ဒီ post ရေးပြီးတဲ့အချိန် ကျွန်တော့်မျက်ဝန်းမှာ မိုးတဖြိုက်ကျသွားသည်။

Friday, February 29, 2008

မှုန်နေအောင်ချစ်သူ

အလှမ်းကွာသော အဝေးတစ်နေရာမှ
မိန်းကလေးတစ်ယောက်ကို နင့်နင့်သည်းသည်းချစ်ရသည်မှာ
ဒူးရင်းသီးကို ဖင်ခုထိုင်ထားရသလို
အင်မတန် ခက်ခဲ ပင်ပန်းလွန်းလှသည်။
Enter တစ်ချက်ခေါက်တိုင်း မီးဟုန်းဟုန်းတောက်သော
IT ခေတ်ကြီးမို့သာ တော်တော့သည်။
သူမနဲ့ဆုံလိုက်တိုင်း ကျွန်တော်တစ်ယောက်
မကြီးမငယ်နဲ့ သူငယ်ပြန်သလိုဖြစ်ပြီး၊ နှာခေါင်းဝမှ
အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်လဲလှယ်မှု (Respiration System) တွေ
ကမောက်ကမနဲ့ လွဲချော်မှားယွင်းကုန်တာ ခဏခဏပါ။
တစ်ညတာ ဝေးရတာကို နှစ်ပေါင်းခုနှစ်ရာတောင်
ဆွေးခဲ့ကြတဲ့ ကိန္ဒရီ ကိန္ဒရာမောင်နှံလိုသာ လွမ်းကြကြေးဆိုရင်
ဟောဒီ ငရင်မောင်တစ်ယောက်
မမယ်မကို တမ်းတနေမိသည့် အလွမ်းအဆွေးတွေကြားမှာတင်
ဘုရား အဆူဆူပွင့်သွားနိုင်သည်။
ဘာကြောင့်များ ဒီလောက်ချစ်မိသွားလဲ ...
အကြောင်းပြချက်မရှိသလို ပေးဖို့လည်း မလိုအပ်ပါ။
မမယ်မက ကျွန်တော့်ဘ၀အတွက်
CNG ဓါတ်ငွေ့လို တဖြည်းဖြည်း အရေးပါလာသည်။
ချမ်းအေးလွန်းတဲ့ ဆောင်းညချမ်းမှာ
ကျွန်တော်သာ သူမဘေးမှာရှိနေရင် ..... (ဘာညာပေါ့) ဆိုပြီး
စိတ်ကူးယဉ်တတ်တဲ့ မမယ်မကို
ကုန်းပိုးပြီးတော့ ကိုရီးယားလို ချစ်ပြချင်သည်။
အဲသလို စိတ်ကူးယဉ်ပြီးတိုင်း သူမက မျက်နှာကို ရေခဲအုံထားနေကျ။
မျက်နှာပူလို့တဲ့လေ။
ကဲ .. မျက်နှာလေး အေးသွားအောင် သနပ်ခါးလေးလိမ်းလိုက်
ဒီမှာ အဆင်သင့်သွေးထားတယ်။
ရှင်မတောင် သနပ်ခါးစစ်စစ်နော် ...

(သူမ ဘယ်ပုံဘယ်နည်း စိတ်ကူးယဉ်လဲတော့ မသိပါ။
လက်တွေ့မှာတော့ သူမဘေးမှာသာ ကျွန်တော်ရှိနေရင်
သနပ်ခါးတုံးနဲ့ ထုမယ်ချည်း တကဲကဲပြောနေပါတယ်။
မှုန်နေအောင် ချစ်လိုက်ပုံများ ပြောပါတယ်)

Monday, January 7, 2008


ကိုယ်ချစ်သောသူကို မပိုင်ဆိုင်ရမှာ
သူနှင့် မနီးစပ်ရမှာကို တွေးကြောက်ပြီး
စိုးရိမ်ပူပန်နေရသော ခံစားမှုသည်
ကျွန်တော့်ဘ၀တစ်သက်တာတွင် ဒီတစ်ကြိမ်သာ ဖြစ်ဘူးပါသည်။
ပိုင်ဆိုင်လိုမှုကို အစွဲပြု၍ဖြစ်ပေါ်လာသော ဒီခံစားမှုကို
“လောဘ” လို့ အဓိပ္ပါယ်ဖွင့်ရင်တော့
ကျွန်တော်ဟာ လောဘသားတစ်ယောက်ပေါ့။
ဘ၀တစ်သက်တာအတွက် ထာဝရလက်တွဲဖေါ်အဖြစ်
ရည်ရွယ်ညွှန်းထားကာ မေတ္တာမျှခဲ့ခြင်းကြောင့်
ကျွန်တော့်အချစ် မသေးသိမ်မှန်း
ကျွန်တော့်ကိုယ် ကျွန်တော်သိပါသည်။
သူမလည်း သိ(မည်ဟုထင်)ပါသည်။
ကျွန်တော်တို့နှစ်ယောက်ရဲ့
ခိုင်မြဲတဲ့ ထုံးနှောင်မှုတွေမှာ
ရှင်းသန့်ဖြူစင်တဲ့ အချစ်တွေနဲ့အတူ
ယုံကြည်မှု၊ နားလည်မှု၊ ခွင့်လွှတ်မှုတွေနဲ့ပဲ လွှမ်းခြုံထားပေမယ့်
ကံကြမ္မာဆိုတာကိုတော့ မေ့ထားလို့မရနိုင်ပါ။
ဖူးစာဆိုတာကလည်း ရှိသေးသည်လေ။
ဒါတွေကို တွေးမိရင်
ရင်ထဲမှာ ပူထူလာလွန်းလို့
ရေပြေးပြေးချိုးရတာလည်း အခါခါရယ်ပါ။

မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာတွင်
မင်္ဂလာတရား ၁၂ ပါးရှိပြီး
ထို ၁၂ ပါးတွင် “ဟ” နေတာ နှစ်ပါးရှိပါသည်။
(ဘာကြောင့် ‘ဟ’ နေတာလည်းတော့ ကျွန်တော်မသိပါ။)
အဲဒါကတော့ “အာဝါဟ၊ ၀ိဝါဟ” ပါပဲ။
ထိမ်းမြားမင်္ဂလာဆောင်နှင်းခြင်း လို့ အဓိပ္ပါယ်ဆောင်ပါတယ်။
လောလောဆယ်
လိုချင်တပ်မက်မှု၊ စိုးရိမ်ပူပန်ကြောင့်ကြမှုဆိုတဲ့
အတ္တမီးတွေကို ခဏအသာသက်ငြှိမ်း
ကျွန်တော်နဲ့ သူမ တို့နှစ်ယောက်
“ဟ” မယ့်အချိန် . . . အဲလေ ယောင်လို့
ထိမ်းမြားမင်္ဂလာဆောင်နှင်းမည့်အချိန်ကို
ငေးမျှော်ကာ တွေးပျော်နေကြောင်းပါ . . . . .။


(ဤ Post ကို ရေးထားသည်မှာ အနည်းငယ်ကြာပြီဖြစ်သော်လည်း
IE မှ ဒုက္ခပေးနေသောကြောင့် ယခုမှ တင်လိုက်နိုင်ပါသည်။)

Thursday, December 27, 2007

သူမက
ကျောင်းတက်ရင် ကျောင်းကိုပေးဖို့ရိုက်ထားသော
ကာလာလိုင်စင်ဓါတ်ပုံများထဲမှ
ကျွန်တော့်အတွက် တစ်ပုံပေးသည်။
သူမ၏အလှများကိုတော့ ထူးထူးထွေထွေချီးမွမ်းဖို့ လိုအံ့မထင်။
ဆောင်းညချမ်းချမ်းမှာ သူမဆန္ဒအတိုင်း
ထိုလိုင်စင် ဓါတ်ပုံလေးကို
(ပိုက်ဆံတစ်ပြားမှ မရှိသော) ကျွန်တော့် ပိုက်ဆံအိတ်ထဲထည့်ထားရင်း
ခေါင်းအုံးဘေးတွင် ထားအိပ်ရသော အရသာက ဘာနဲ့မှ မလဲနိုင်ပါ။
အိပ်ရာက လန့်နိုးသည့်အခါတွင်ဖြစ်စေ၊
သာမန်အတိုင်း အိပ်ရာမှ နိုးထသည့်အခါတွင်ဖြစ်စေ၊
ပိုက်ဆံအိတ်လေးကို လှစ်ဟရင်း သူမဓါတ်ပုံလေးကို ဖွင့်ကြည့်ဖြစ်သည်။
အသာဖွဖွ နမ်းရှိုက်မိသည်။
ဘေးနားမှာ သူမကိုယ်တိုင်ရှိနေသလို ကျွန်တော့်အတွက် အားအင်တွေဖြစ်စေသည်။

"ဘယ်သွားသွား ကျွန်တော့်နှင့်အတူ မကွဲမကွာရှိနေသည်" ဆိုသည့်အသိဖြင့်
ကျွန်တော့်ခြေလှမ်းတွေ ပေါ့ပါးဖျတ်လတ်သွားရစမြဲ။
ဓါတ်ပုံထဲမှ ကြည်ရွှင်ဝင်းပနေသော သူမကတော့ ကျွန်တော့်ကို ပြုံးကြည့်နေသယောင် . . ။