About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Thursday, October 18, 2007

သားသားပေးတဲ့အတွေးသစ်

အိုမင်းရင့်ရော်နေပြီဖြစ်တဲ့ အဘိုးဟာ သား၊ ချွေးမနဲ့ လေးနှစ်အရွယ် လူမမယ်မြေး ကလေးတို့နဲ့ အတူနေထိုင်ပါတယ်။ အဘိုးရဲ့ တုန်ရီနေတဲ့လက်၊ မကြည်လင် ဝေသီမှုံဝါးနေတဲ့အမြင်၊ မသန်စွမ်းတော့ပြီမို့ ပုံမှန်လမ်းမလျှောက်နိုင်တဲ့ခြေလှမ်းတွေ ဟာ နှုံ့နှေးတုံ့ဆိုင်းလို့နေပါတယ်။ စားပွဲပေါ်မှာ မိသားစုအတူတူ ထမင်းစားတဲ့အခါ လက်ကလည်း ကတုန်ကရီ၊ မျက်လုံးကလည်း မမြင်စမ်းတ၀ါးမို့ အဘိုးအတွက် စားရသောက်ရတာ အလွန်ပဲ ခဲယဉ်းလွန်းပါတယ်။ ပဲစိမ်းလုံးလေးတွေ အဘိုးရဲ့ ဇွန်းပေါ်က လိမ့်လိမ့်ပြီး ကြမ်းပြင်ပေါ်ကိုကျတာလည်း ခဏခဏပါ။ ဖန်ခွက်ကို လှမ်းယူရင်း စားပွဲခင်းလှလှပေါ် နို့တွေဖိတ်စင်ကျလိုကျ။ သားနဲ့ချွေးမမှာ တော် တော်လေး စိတ်အနှောင့်အယှက်ဖြစ်လာပါတော့တယ်။ "အဘိုးအတွက် တစ်ခုခု စီစဉ်မှ ဖြစ်လိမ့်မယ်" လို့ သားကပြောတယ်။ "နို့တွေက ဖိတ်လိုဖိတ်၊ စားစရာတွေ ဖိတ်ကျလိုကျ၊ ဇွန်းခရင်းတွေကလည်းလွတ်ကျနဲ့ အစားစားရင် ဆူညံနေတာဘဲ၊ ကြာလာတော့ မခံနိုင်တော့ဘူး" ဒါကြောင့်ပဲ ထမင်းစားခန်းထောင့်မှာ အဘိုး အတွက် စားဖို့စားပွဲငယ်လေးတစ်ခု စီစဉ်ပေးလိုက်ပါတယ်။ အဘိုးကို တစ်ကိုယ် တည်း သီးသန့်စားစေပြီး၊ ကျန်မိသားစုကတော့ ပျော်ပျော်ပါးပါး အတူလက်ဆုံစား လို့ပေါ့။

အဘိုးကြောင့် ကြွေပန်းကန်နှစ်ချပ်လောက်ကွဲထားပြီးပြီမို့၊ သစ်သားပန်းကန်လုံးနဲ့ သာ အဘိုးကိုထမင်းကျွေးပါတယ်။ အဘိုးဆီလှမ်းကြည့်လိုက်ရင် အဘိုးရဲ့ မျက်လုံးအိမ်မှာ မျက်ရည်စတွေရစ်ဝိုင်းနေတာ မကြာမကြာ တွေ့ရတတ်ပါတယ်။ အဘိုးဆီးကအသံဆိုလို့ စူးရှကျယ်လောင်တဲ့ ဇွန်းခရင်းကျသံနဲ့ စားစရာဖိတ်ကျသံ သာ ပုံမှန်ကြားရပါတယ်။ မြေးငယ်လေးကလည်း အဘိုးနဲ့ အဖေအမေတို့ကို တစ်ခွန်းမှမဟဘဲ ကြည့်လို့သာနေပါတယ်။ တစ်ညနေ ထမင်းမစားခင်မှာ အဖေ လုပ်သူက သားငယ်လေး ကြမ်းပြင်ပေါ်မှာ သစ်သားအပိုင်းအစကလေးတွေနဲ့ ကစားနေတာ တွေ့လို့ ချိုကြည်ကြင်နာစွာပဲ "ငါ့သားက ဘာလုပ်နေတာလဲကွ" လို့ မေးလိုက်ပါတယ်။ "သားက သစ်သားပန်းကန်လုံးလေး နှစ်လုံးလုပ်နေတာ ဖေဖေ ရ၊ သားကြီးလာတဲ့အခါ ဖေဖေတို့ မေမေတို့ ထမင်းစားဖို့လေ" လို့ ကြည်ကြည် ရွှင်ရွှင်ဖြေရင်း၊ သားငယ်လေးက သူ့အလုပ်သူဆက်လုပ်နေပါတော့တယ်။

သားငယ်လေးရဲ့ အဖြေကြားရင်ပဲ အဖေနဲ့ အမေတို့မှာ ဘာမှပြန်မပြောတတ် အောင်ပါပဲ။ မျက်ရည်တွေသာ အလိုလို ကျလာပါတော့တယ်။ စကားတစ်ခွန်းမှ မဆိုဖြစ်ကြပေမယ့် ဘာလုပ်သင့်တယ်ဆိုတာ သူတို့နှစ်ယောက်စလုံးရဲ့ ရင်ထဲ၊ အသည်းထဲမှာ အလိုလို နားလည်လိုက်ကြပါပြီ။ ညနေရောက်တော့ ဖခင်လုပ်သူ က အဘိုးလက်ကိုကိုင်ပြီးတော့ ထမင်းစားခန်းက မိသားစုထမင်းစားပွဲဆီကို ညင် ညင်သာသာ တွဲခေါ်လာပါတယ်။ ထိုနေ့ကစပြီး မိသားစုထမင်းဝိုင်းမှာပဲ အဘိုး နေ့စဉ် ထမင်းစားပါတယ်။ ဇွန်းခရင်းတွေကျ၊ နို့တွေဖိတ်၊ စားပွဲခင်းတွေပေကျံကုန် တဲ့အတွက်ကြောင့် သားနဲ့ချွေးမက အရင်ကလိုစိတ်မကျေမနပ် မဖြစ်တော့ပါဘူး။

ကလေးငယ်တွေဟာ လောကကို ရှုမြင်သုံးသပ်အတုယူတဲ့နေရာမှာ အလွန်ထူးချွန် ပါးနပ်ကြပါတယ်။ မျက်လုံးလေးဖွင့် ကြည့်ရှုလေ့လာနေသလို၊ နားကလေးစွင့် မှတ်သားနာယူပြီး မြင်သမျှကြားသမျှကို သူတို့ရင်ထဲမှာ သိမ်းဆည်းထားမှာပါ။

Dr. Neil Chadwick - The Grandfather
ကို ဆီလျော်အောင် ဘာသာပြန် ဆိုပါသည်။

No comments: