About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Tuesday, April 1, 2008

ချိန်ခါမဲ့မိုး

ကျောင်းပိတ်ရက် တနင်္ဂနွေနေ့ဖြစ်သည့်အပြင်
တနင်္လာနေ့တွင်လည်း ကျောင်းချိန်က နေ့ခင်းပိုင်းမှ ဖြစ်သောကြောင့်
ညပိုင်း ဟိုလုပ်ဒီလုပ်နှင့် မနက်သုံးနာရီခန့်မှ အိပ်ရာဝင်ဖြစ်သည်။
အိပ်ရာပေါ်ရောက်တော့လည်း ထုံးစံအတိုင်း မမယ်မ မျက်နှာကို
ပြေးမြင်လိုက်၊ ရှေ့ရေးအတွက်ကြိုစဉ်းစားလိုက်နှင့်
တော်တော်နှင့်အိပ်လို့မပျော်။ မနက်လေးနာရီသာသာခန့်တွင်
အိပ်ပျော်သွားခဲ့ပြီး နှစ်ခြိုက်စွာအိပ်ပျော်နေခိုက် ဖုန်း SMS ၀င်လာသံကြောင့်
နိုးလာတော့ မနက် ကိုးနာရီခန့်ပင်ရှိပြီ။ မျက်လုံးကို ဖြဲရဲကာ SMS ကို
ဖတ်ကြည့်လိုက်တော့ မမယ်မ ထံမှဖြစ်လို့နေသည်။
မနက်ပိုင်း အိပ်ရေးပျက်တတ်လို့ အခန်းဝမှာ
သေရေးရှင်ရေးမှအပ မနှိုးရ၊ မီးလောင်လျှင်ရွှေ့၊ ဦးစားပေး တစ်” လို့
စာကပ်ပြီးတောင် အိပ်တတ်တဲ့ကျွန်တော်၊ မမယ်မ ဆိုတာနဲ့ ငေါက်ခနဲ
ထထိုင်ဖြစ်နေခဲ့မိတဲ့အတွက် ကိုယ့်ကိုယ်ကို ထူးပြီး မအံ့သြမိတော့။

အိပ်ချင်စိတ်ကို ကျိတ်မှိတ်ဖြေဖျောက်ကာ ကုတင်ပေါ်မှဆင်းလာခဲ့ပေမယ့်
ကွန်ပျူတာစားပွဲပေါ်လက်ထောက်ကာ ပြန်အိပ်ငိုက်မိနေပြန်သည်။
ဒုတိယအကြိမ် ဖုန်း SMS ၀င်လာသံကြောင့် ကျွန်တော့်မျက်လုံးတွေ ပြူးကျယ်ပြီး
အိပ်ချင်စိတ်တွေ ပြေပျောက်သွားပေမယ့် အိပ်ချင်မူးတူးဖြစ်နေသော
ကျွန်တော့်ပုံစံအသွင်အပြင်ကို မမယ်မ မမြင်စေလို။ သူမ မြင်လျှင်
စိတ်မကောင်းဖြစ်မှာ စိုးသည်လေ။ ကျွန်တော်က အိပ်ရေးမ၀တော့
စကားကပြောလို့မထွက်၊ မျက်နှာကမရွှင်၊ လူက မလန်းဆန်းတော့
သူမက ကျွန်တော့်ကိုပြန်အိပ်ဖို့နဲ့ သူမ ပြန်တော့မယ်အကြောင်း
ပြောပါတယ်။ သူမကို မပြန်ဖို့ပြောကာ (သူမ မသိအောင်)
အိပ်ခန်းထဲက မှုန်ဝါးဝါးနဲ့ ဒယိမ်းဒယိုင်ထွက်လာခဲ့ပြီး သန့်စင်ခန်းဝင်ကာ
မျက်နှာသစ်၊ သွားတိုက် ကိုယ်လက်သန့်စင်လိုက်တော့ အနည်းငယ်
လန်းသွားသည်။ သည့်နောက် သူမရှေ့ပြန်ရောက်တော့ စကားတွေ
ပြောဖြစ်သည်။ ရှေ့ရေး၊ နောက်ရေး အစုံပေါ့။ ခဏနေတော့ ဗိုက်ဆာတာနဲ့
နှစ်ယောက်သား ခေါက်ဆွဲပြုတ်စားကြသည်။ ဟိုးးးးးးးးး အရင်
သူမ တစ်ခုခုစားတိုင်း အတူတူစားချင်စိတ်ဖြစ်ခဲ့ပေမယ့်
အကြောင်းမတိုက်ဆိုင်လို့ အရာမထင်ခဲ့။ အခုတော့ မျက်နှာချင်းဆိုင်
လက်ဆုံစားခွင့်ရခဲ့သည်။ သည့်အတွက် သူမကို ကျေးဇူးတင်မိသလို
ကိုယ့်ကိုယ်တိုင်လည်း ကြည်ကြည်နူးနူးခံစားမိသည်။ စားသောက်ပြီးတော့
ကျွန်တော့်ဝသီအတိုင်း ဆေးတစ်လိပ်ကို မီးညှိရှိုက်ဖွာလိုက်တော့
ကျွန်တော့်မြင်ကွင်းထဲက သူမ စွန့်ခွာထွက်ပြေးသွားသည်။
ကျွန်တော် သူမနောက်သို့ ထလိုက်လာခဲ့ပြီး အကျိုးအကြောင်း
မေးကြည့်တော့ သူမ မကြိုက်တဲ့ဆေးလိပ်ကို သူမရှေ့မှာ သောက်လို့တဲ့လေ။
ကျွန်တော်နားလည်ပါသည်။ ချစ်သူကောင်ကြီး (ကျွန်တော့်အရွယ်က
ကောင်လေး မဟုတ်တော့ပါ၊ ကောင်ကြီးဖြစ်နေပါပြီ) ဆေးလိပ်သောက်တာကို
နှစ်ခြိုက်သဘောကျတဲ့ ချစ်သူကောင်မလေးရယ်လို့ အဘယ်မှာ ရှိအံ့နည်း။
နောက်နောင် သူမရှေ့မှာ ဆေးလိပ်မသောက်တော့ပါကြောင်း အယူခံဝင်မှ
ကြီးတော်မ က ကျေနပ်သွားသည်။ ကျွန်တော့်တို့အဖြစ်က တစ်ခါတစ်ရံ
ဒေါ်ရင်ဝိုင်းမူကြိုကျောင်းနှင့် အလားသဏ္ဍာန်တူနေသလို။ အသက်အရွယ်က
ငယ်ရွယ်၊ အတွေ့အကြုံက နုနယ်လို့ ကလေးဆန်တဲ့ သူမကို
ကျွန်တော်က ချော့လိုက်၊ ခြောက်လိုက်၊ သူမနှင့် Level တူအောင်
ကလေးလိုနေပြန်တော့လည်း ကျွန်တော့်မှာ ကိုးရို့ကားယားဖြစ်လိုက်နဲ့
လုံးလည်လိုက်နေသည်။ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် ဆိုတာလည်း
ခဏခဏ။ ကျွန်တော့်ကြောင့် သူမ စိတ်အနှောင့်အယှက်တစုံတရာ
ရသွားမှန်း၊ သူမမျက်နှာကို မှန်တစ်ချပ်လိုကြည့်နေတဲ့ ကျွန်တော်
ရိပ်မိပါသည်။ ခဏအကြာ သူမကပြန်မယ်ပြောတော့ ထုံးစံအတိုင်း
နှစ်ယောက်တည်းသိတဲ့ ဘာသာဗေဒတွေနဲ့ ကျွန်တော်က နှုတ်ဆက်ပေမယ့်
သူမကတော့ ပြောချင်စိတ်မရှိဘူးတဲ့၊ ပြောချင်စိတ်ရှိတဲ့အခါမှပဲ ပြောမယ်

တဲ့လေ။ ဒိန်းကနဲပဲ၊ ကျွန်တော့်ရင်ကို လာဆောင့်သွားတယ်။
ကျွန်တော် ဘာဆက်ပြောရမှန်း မသိတော့။ အာတွေခြောက်လာသည်၊
လျှာတွေ ထူလာသည်။ သူမပြန်သွားတဲ့အချိန်ကစလို့ တစ်နေ့လုံး
ဘာမှ လုပ်မရတော့။ အဲဒီစကားက ကျွန်တော့်နားစည်ကို အချိန်ပြည့်
ရိုက်ခတ်နေသည်။ ကျွန်တော် အထူကြီးခံစားလိုက်ရသည်။
စဉ်းစားလိုက်တိုင်း ရင်ထဲမှာ ဆို့တက်လာသည်။
ဒီ post ရေးပြီးတဲ့အချိန် ကျွန်တော့်မျက်ဝန်းမှာ မိုးတဖြိုက်ကျသွားသည်။

No comments: