About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Saturday, December 29, 2007

သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ ဓမ္မတာတည်း . . .

ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းစံ
မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ၊ မင်းချမ်းသာကား
သမုဒ္ဒရာ၊ ရေမျက်နှာထက်
ခဏတက်သည့်ရေပွက်ပမာ၊ တစ်သက်လျာတည်း . . . အစချီ မျက်ဖြေလင်္ကာကို
ဖွဲ့ဆိုလျောက်တင်ခဲ့ခြင်းကြောင့်
ရာထူးအဆောင်အယောင်များ ရုတ်သိမ်းခံရပြီး

မဲဇာတောင်ခြေ၌ မင်းပြစ်မင်းဒဏ်သင့်နေသော
အနန္တသူရိယအမတ်ကြီးသည်
ပြည့်ရှင်မင်းက အမျက်မာန်ပြေလျော့ကာ ရွှေနန်းတော်သို့ ပြန်လည်ခေါ်ဆောင်၍
ရှိရင်းစွဲ အဆောင်အယောင်များအပြင် ဆုတော် လာဘ်တော်များကိုပါ
ချီးမြှင့်အပ်နှင်းခြင်းခံခဲ့ရသည်။


ကျွန်တော် ကိုရင်မောင်တစ်ယောက်လည်း
ယခုတော့ မင်းပြစ်မင်းဒဏ်သင့်နေလေပြီကော။
ချိန်းဆိုထားရာသို့ ထမင်းအိုးတစ်လုံးကျက်ခန့်

နောက်ကျပြီးမှ ရောက်လာသည့်အတွက်
ဒေါသကုမ္မာရ မင်းသမီးလေး၊ ရွှေအိမ်စံ မမယ်မ၏ မျက်မာန်တော်ရှခဲ့သည်။
ရွှေစိတ်တော် ညို၊ အလိုမကျဖြစ်ကာ တင်းမာသော မျက်နှာထားဖြင့်
ရာဇသံအထပ်ထပ်ပေးခဲ့သည်။
ကျွန်တော့်အတွက်တော့ မဲဇာအပို့ခံရတာထက်ပင် ဆိုးသေးသည်။


“ကျွန်တော်မျိုး ကိုရင်မောင် . . . . . . . . . .”

“တော်၊ တန်၊ တိတ်”

ခက်ပြီ။
လျောက်တင်ရန်လည်း သူမက လက်မခံ။
မျက်နှာတော်ကိုလည်း မော်ဖူးခွင့်မပေး။
ပေးသမျှအပြစ်ကို ခေါင်းငုံ့ခံယူရန်မှတစ်ပါး အခြားမရှိတော့ပြီ။

အသက်မထောက်လို့ သတ်ရင်လည်း ခံရန်အသင့်။
ကွယ် . . . ခုတော့ဖြင့် ဘာများတတ်နိုင်ဦးမှာလဲ။
ရှိရင်းစွဲ အဆောင်အယောင်၊ ရာထူးအဆင့်ဆင့်ကိုများ ဖယ်ခွာရပ်စဲလိုက်ရင်ဖြင့် . . . . .
တွေးရင်းနဲ့ပင် စိတ်တွေယောက်ယက်ခတ်ကာ
ရင်တွေ ဗလောင်ဆူကုန်သည်။
ခန်းမဆောင်တစ်ခုလုံး အပ်ကျသံကိုပင် ကြားရလောက်အောင်
အတန်ကြာ တိတ်ဆိတ်နေသည်။


“အတူလက်တွဲခဲ့တဲ့ အချိန်ရာသီများကို တွက်ဆပြီး
ထားရှိခဲ့ဘူးတဲ့ သံယောဇဉ်များကို ထောက်ချင့်တော်မူမှ
သင့်တော်မည် မင်းသမီးလေး”

တွေးတွေးဆဆပြောလာသော သက်တော်ရှည်အမတ်ကြီး၏စကားကြောင့်
မင်းသမီးလေး၏ မျက်လုံးအိမ်အတွင်း
အတူဆုံတွေ့ခဲ့တုန်းက ပုံရိပ်တွေ ပြန်လည်မြင်ယောင်လာသည်။
နှစ်ကိုယ်တူဖွင့်ဟခဲ့ဘူးတဲ့ တိုင်တည်စကားတွေကို
နားတွင် ပြန်လည်ကြားယောင်လာသည်။


“ငရင်မောင်မှာ အခြားတစ်ပါးသော မိန်းမနှင့်
ဖေါက်ပြား ကျော်ဇောနေခြင်းလည်းမဟုတ်၊
အရက်၊ ကစော်၊ လှော်စာ သောက်စား
မူးယစ်ရမ်းကားနေခြင်းလည်း မမည်သည့်အတွက်
ငဲ့ညှာထောက်ထား စဉ်းစားတော်မူသင့်ပါသည် မင်းသမီးလေး”

ပညာရှိသုခမိန်ကြီး၏ လျောက်တင်ချက်ကြောင့်
အတန်ကြာ ငြိမ်သက်စဉ်းစားနေရာမှ
မင်းသမီးလေး မမယ်မ၏ ငါးရံ့ကိုယ်လုံးလေး ဆတ်ခနဲ တုန်သွားကာ
သတိပြန်ဝင်လာသည်။

“ကောင်းပြီ၊ ဒီတစ်ခါတော့ ရှိစေတော့၊
မောင်မင်း နောက်တစ်ကြိမ် ယခုကဲ့သို့ ကျူးလွန်ပါက
အကျွန်ုပ် အဆိုးမဆိုတော့နှင့်၊
အသက်သာဆုံး၊ အငဲ့ညှာဆုံးပြစ်ဒဏ်အဖြစ်
ယနေ့မှစ၍ရေတွက်သော် သုံးရက်မြောက်နေ့၊
နေ၀င်ရီတရော၌ မောင်မင်းကိုယ်တိုင်
အကျွန်ုပ်ထံသို့ အသံစာချွန်လွှာဆက်သစေ”

“သင့်မြတ်လှကြောင်းပါ မင်းသမီးလေး”

အမတ်ကြီးနှစ်ပါး၏ ပြိုင်တူလျောက်တင်သံအဆုံး
ကျွန်တော် မောင်ရင်မောင်တစ်ယောက်
ရွှေအိမ်စံ မင်းသမီးလေး မမယ်မ၏အပါးမှ
ငတက်ပြားခြေလှမ်းမျိုးဖြင့် အသာအယာ ထွက်လာခဲ့သည်။
ခန်းမဆောင်တွင်းမှ ပြုံးပျော်ရွှင်မြူးစွာ ပြန်ထွက်သွားသော
ငရင်မောင်အား
လေသာ ပြတင်းတံခါးမှ မျက်စိတစ်ဆုံးငေးကြည့်နေသည့်
ရွှေအိမ်စံ မင်းသမီးလေး မေထူးချွန်ဘွဲ့ခံ၊ မမယ်မ၏ ပါးပြင်ထက်တွင်
မိုနာလီဇာရဲ့ အပြုံးတစ်ပွင့် ဖူးပွင့်သွားသည်ကိုတော့
ငမိုက်သား ကိုရင်မောင်တစ်ယောက် မသိနိုင်ခဲ့။

No comments: