About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Saturday, May 3, 2008

သတိရခြင်းများ

တဒေါက်ဒေါက်နဲ့ လျောက်သွားကြတဲ့
အနောက်တိုင်းသူတွေရဲ့ ဒေါက်မြင့်ဖိနပ်တွေ မြင်တိုင်း
ကတီပါ ဖိနပ်ပါးလေးတွေ စီးတတ်တဲ့
ကျွန်တော့်ချစ်သူကို သတိရတယ်...

ဈေးကြီးပြီး အမွှေးလွန်ရနံ့တွေ
ကျွန်တော့်ဂန္ဓာရုံကို ၀င်ရောက်ကျူးကျော်ကြတိုင်း
ကံ့ကော်ပန်းခြောက်နံ့တွေ ရောနေတဲ့
ကျွန်တော့်ချစ်သူရဲ့ သနပ်ခါးနံ့လေးကို လွမ်းတယ်...

အလှတရားတွေ တန်ဆာဆင်ထားပေမယ့်
အသုံးမတည့်လှတဲ့ နှင်းပွင့်တွေ အဆုပ်လိုက်ကျတိုင်း
စပါးပင်လေးတွေကို မြတ်နိုးတတ်တဲ့
ကျွန်တော့်မြေက မိုးမင်းလေးကို အမှတ်ရတယ်...

ခြင်လုံသံဇကာတွေရဲ့ လှောင်ပိတ် မွန်းကြပ်မှုတွေ ခံစားရတိုင်း
ကျောင်းရှေ့ပလက်ဖေါင်းပေါ်မှာ ပေါ့ပါးလွတ်လပ်စွာ ထိုင်ရင်း
ဂစ်တာ အတူတီးခဲ့ဘူးတဲ့ ကျွန်တော့်သူငယ်ချင်းတွေကို ပြေးမြင်မိတယ်...

ပိန်လှီလှီ ထင်းရှူးပင်တွေအောက် လမ်းလျောက်ထွက်မိတိုင်း
အညာနွေဆီက တမာမြေရဲ့ လေရိုင်းလေးကို သတိရတယ်...

ပြင်းရှရှ ယမကာချိုတွေကို
ဟန်ဆောင်ပြုံးနေသူတွေကြား မြိုချပြမိတိုင်း
ပင်စိမ်းကင်းက
နေညိုချိန် အမေစောရဲ့ ထန်းရေတောလေးကို လွမ်းမောမိပြန်တယ်...

ဟန်ဆောင်မျက်နှာဖုံးတွေ ကင်းကွာ
သဘာဝတရားတွေနဲ့ပဲ တန်ဆာဆင်တတ်တဲ့
ရွှေညာမြေက မပန်းဝါရေ...
အက်ဆစ်မိုးတွေ စွေ
နြူကလီးယားဆောင်းတွေ ဝေနေတဲ့
ခရမ်းလွန် နွေဦးတွေအောက်က
အပြီးတိုင်ထွက်ခွာနိုင်မယ့်လမ်းက
လက်တစ်ကမ်းပဲ လိုပါတော့တယ်ကွာ.... ။

(ကိုစိုးကြီး၏ မဟာသင်္ကြန်အထိမ်းအမှတ် ကဗျာပြိုင်ပွဲ ပထမဆုရကဗျာအား
အနည်းငယ် ပြင်ဆင်ဖေါ်ပြပါသည်။)

No comments: