About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Friday, June 6, 2008

ငြင်းဆန်ခြင်း

ကျွန်မအတွက် သူပေးအပ်ထားသော အချစ်ဆိုသည်မှာ
အဝေးက လင်းမြပေးထားသော အလင်းပွင့်သာဖြစ်သည်။
ပန်းပွင့်ကို မမြင်ရဘဲ ရရှိနေသော ပန်းရနံ့တစ်ခုသာဖြစ်သည်။

ဓါးအိမ်ထဲမှ ထုတ်ခွင့်မရှိသော ဓါးတစ်လက်သာဖြစ်သည်။
စမ်းချောင်းဘေးတွင် ထိုင်ပြီး စမ်းရေစီးသံတို့ ပျောက်ဆုံးနေခြင်းသာ ဖြစ်သည်။

သို့သော်….. ကျွန်မသည်
ပန်းရနံ့တို့ဖြင့် ပန်းကို ဖန်ဆင်းသော

စိတ်ကူးတို့ဖြင့် စမ်းရေစီးသံကို တီးခတ်သော
ထိုအချစ်ရှိသည့်နေရာအား… ရူးသွပ်စွာ …မိုက်မဲစွာ…
မက်မောတတ်သော မိန်းမတစ်ယောက်ပင်ဖြစ်သည်။

လေယူရာသယ်ဆောင်ခြင်းခံရသည့် တရုတ်စကားပွင့်တွေ မြေမှာခင်းပြန့်နေသည်။
ထိုနေရာတွင် အချစ်ရှိမည်လား။

အဝေးမှ မြင်နေရသော တောင်တန်းစိမ်းညို့ညို့နှင့်အတူ
လူသွားလမ်းကလေး နီကြင်ကြင်လင်းပနေသည်။
ထိုနေရာတွင် အချစ်ရှိမည်လား။


ညနေခင်းတစ်ခု၏ တေးသံချိုချို ပျံ့ လွင့်နေသည်။
ထိုနေရာတွင် အချစ်ရှိမည်လား။


ဝင်လုဆဲဆဲနေရောင်နှင့်အတူ တောက်ပနေသော တိမ်မျှင်စတွေထံ အချစ်ရှိမည်လား။
ရစ်ခွေစီးဆင်းနေသော စမ်းချောင်းကလေးတခု၏ ကမ်းပါးလေးတွင် အချစ်ရှိမည်လား။
တခါတရံမှာသာ ဆုံတွေ့ခွင့်ရတတ်သည့် ချစ်သူ၏ လက်သူကြွယ်လေးတွင် အချစ်ရှိမည်လား။

ဘာပဲဖြစ်ဖြစ် သူ… ကျွန်မကို ချစ်ပါသည်။
ရေမြေခြားနေသော ချစ်သူနှစ်ဦးလို …..
အပင်တစ်ပင်တည်း၌ အပွင့်ကွဲနေသော ပန်းနှစ်ပွင့်လို ….
စာရွက်တရွက်၏ တမျက်နှာစီတွင် ရေးဖွဲ့ထားသော ကဗျာနှစ်ပုဒ်လို ….
ကျွန်မတို့ချစ်ခဲ့ကြပါသည်။

အချစ်သည် ချစ်သူနှစ်ဦးကို မျက်နှာချင်းဆိုင်ထိုင်၍
ငေးစိုက်ကြည့်စေခြင်းဟုဆိုလျှင် ကျွန်မ ငြင်းပါသည်။
အချစ်သည် လက်ချင်းဆုပ်ကိုင်၍ အချိန်ကာလကို
မေ့လျော့ထားခြင်းဟုဆိုလျှင် ကျွန်မ ငြင်းပါသည်။
အချစ်သည် အအေးတခွက်ကို နှစ်ယောက်အတူ
မျှဝေသောက်ခြင်းဟုဆိုလျှင် ကျွန်မ ငြင်းပါသည်။
အချစ်သည် နေကြာစေ့လေးများကို အခွံနွှာပေးရင်း
ရုပ်ရှင်ကြည့်ခြင်းဟုဆိုလျှင် ကျွန်မ ငြင်းပါသည်။

(မမယ်မမှ ပေးပို့ပါသည်)

No comments: