ယနေ့သည် ကျွန်တော် လူ့လောကကြီးထဲသို့
စတင်ဝင်ရောက်လာသည့်အချိန်မှစ၍ ရေတွက်သည်ရှိသော်
၂၅ နှစ်တင်းတင်းပြည့်သောနေ့ပင်ဖြစ်သည်။
ကျွန်တော် အသက် ၇၅ နှစ်ထိ သက်တမ်းစေ့နေနိုင်သည်ဆိုလျှင်တောင်
အခု သုံးပုံတစ်ပုံတိတိ ရောက်ရှိနေပြီ။
ဒီ ၂၅ နှစ်တာကာလအတွင်း ဘာတွေလုပ်ခဲ့သလဲ ?
ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ်ကြည့်မိသည်။
ကောင်းတာတွေအများကြီးလုပ်ခဲ့သလို၊
မကောင်းတာတွေလုပ်မိခဲ့တာလည်း ကြိမ်ဖန်များစွာ။
ကောင်းမှုကုသိုလ်တွေ ယူခဲ့သလို၊
အကုသိုလ်တွေဖြစ်အောင်လည်း လုပ်ခဲ့ဘူးသည်။
ဘ၀တစ်ဆစ်ချိုးကွေ့ခဲ့သည်အချိန်မှစ၍
ဆုံးမပဲ့ပြင်ပေးမည့်သူမရှိ၊
နှစ်သိမ့်ဆွေးနွေးမည့်သူ နတ္ထိဖြစ်သော နေရာဒေသအသီးသီးမှာ
ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် နေထိုင်ကျင်လည်ကျက်စားရင်း
“ငါ့ဘ၀၊ ငါသာအရှင်၊ ငါသာသခင်” ဖြစ်လို့နေခဲ့သည်။
မိဝေးဘဝေးမို့ အထိန်းအကွပ်မမဲ့ရအောင် ကိုယ့်ကိုယ်ကို ထိန်းကျောင်းရင်း
ကျွန်တော့်ဘ၀ ရင့်ကျက်ခဲ့ရသည်။
အမျိုးမျိုးသော မွန်းကျပ်ပိတ်လှောင်မှုတွေ၊ မပြေလည်မှုတွေကြားမှာ
အဆင်ပြေအောင် ကြံဖန်ပြေးလွှားရုန်းကန်ရင်း
ကျွန်တော့်စိတ်ကို ကျွန်တော်ပျော်အောင်နေထိုင်ခဲ့သည်။
ပြင်ပသွင်ပြင်လဏ္ခဏာကို ကြည့်လျှင်
အပူအပင်ကင်း၍ ပျော်တတ်ရွှင်တတ်သော သူတစ်ယောက်အဖြစ်
ကျွန်တော့်ကို ရှုမြင်ကြပေမယ့်
ကျွန်တော်လည်း လောကဇာတ်ခုံပေါ်က
အသုံးတော်ခံ လူသားတစ်ဦးသာမို့
စိတ်ဆင်းရဲစရာတွေ၊ ပူဆွေးသောကရောက်ရတာတွေ အရှိသားပဲ။
အပူရုပ်ကို ဟန်လုပ်ဖုံးကွယ်ကာ
နေခွင့်ရသော လူ့ဘ၀တိုတိုအတွင်း
ပျော်ရွှင်စွာနေထိုင်ခဲ့ပေမယ့်
စိတ်ဆင်းရဲစရာ၊ စိတ်ထိခိုက်စရာနှင့်ကြုံလာတိုင်း
သာမန်ထက် နှစ်ဆပိုခဲ့သည်။
၂၅ နှစ်ဆိုတဲ့ အချိန်ကာလအတွင်း
စူးရှခါးသီးတဲ့ နာကျင်ခံစားမှုတွေ
ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေ
မယုံကြည်နိုင်လောက်တဲ့ ပြောင်းလဲမှုတွေ
အံ့သြစရာကောင်းတဲ့ လှည့်ကွက်တွေနဲ့
ကျွန်တော် ထုသားပေသားကျလာသည်။
အတွေ့အကြုံနှင့် အသက်အရွယ်က ပေးသော အသိကြောင့်
ရင့်ကျက်တည်ငြိမ်မှု အတန်ငယ်ရှိလာပြီဖြစ်သော်လည်း
အပြောင် အနောက် မပျက်ခဲ့၊ အရယ်အပြုံး မမဲ့ခဲ့။
အခုဆို ကျွန်တော့်အသက် ၂၆ နှစ်ထဲ ရောက်လို့ ၂ လခန့်တောင် စွန်းနေပြီ။
ဘ၀ကို ရယ်မောပျော်ရွင်စွာ ၂၅ နှစ်တာ ဖြတ်သန်းရင်း
လူပျိုဟိုင်းဘက်သို့ တဖြည်းဖြည်း ကူးစ ပြုလာသော်ငြားလည်း
ရာသက်ပန် လူပျိုကြီး လုပ်ဖို့အထိတော့ ပါရမီရော၊ စိတ်ကူးပါ မရှိသေးပါ။
(မမယ်မ တစ်ယောက်လုံး ရှိသည်လေ)
မွေးနေ့မှာ ခါတိုင်းနှစ်တွေလို သူငယ်ချင်းတွေနဲ့
သောက်စားနေခြင်းမျိုးတွေ မလုပ်ဖြစ်တော့ဘဲ
ဘုရားဝတ်ပြုသူတွေကို ကော်ဖီနဲ့ မုန့် ကျွေးမွေးကုသိုလ်ပြုလိုက်သည်။
အင်မတန် စိတ်ချမ်းသာဖို့ကောင်းသည်။
မွေးနေ့ဆိုတာကြီးကို လိုတာထက်ပို၍ ဇာချဲ့လုပ်နေသော သူတွေကို မြင်လျှင်
တစ်ခါ တစ်ခါ တရားကျမိသည်။
အမှန်တော့ မွေးနေ့ဆိုတာ
မိမိအသက် တစ်နှစ်ပိုကြီးလာပြီဆိုသော “ဇရာ” ကို ထောက်ပြသောနေ့လို့
ကျွန်တော်မြင်သည်။
ကြီးရင့်လာသော အသက်နှင့်ထပ်တူ
ရင့်ကျက်တည်ငြိမ်သော အတွေးအခေါ်၊ အယူအဆ၊ အပြုအမူများ
ရှိလာသင့်သည်ဟုလည်း ယူဆမိသည်။
ဒါကြောင့် ကျွန်တော့် မွေးနေ့ကို
“ဇရာ တိုးပွား နှစ်ဆယ့်ငါး” လို့ ကင်မွန်းတပ်လိုက်တယ် . . . . ။
မွေးနေ့ ပြီး၊ နောက်တစ်ရက်တွင် ဤ Post ကို စတင်ရေးခဲ့သော်လည်း မအားလပ်သောကြောင့်
ဆက်မရေးဖြစ်ဘဲ တန်းလန်းကြီးရပ်ထားရာမှ ယခုမှပင် အဆုံးသတ်လိုက်နိုင်ပါသည်။
About Me
- ရင်မောင်
- ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။
မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ
Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။
Saturday, February 9, 2008
ဇရာ တိုးပွား နှစ်ဆယ့်ငါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment